top of page

ဟိုပင်မြို့တွင် ရှမ်းနီပြည်သူ့စစ်မှ လူငယ်များအား တပ်သားသစ်စုဆောင်းမှုများ အတင်းအကြပ် ပြုလုပ်နေချိန် ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း တပ်သားသစ်များ လက်ခံကြိုဆိုနေကြောင်းစာစောင်ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Feb 7, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၇ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ရှမ်းနီပြည်သူ့စစ်မှ လူငယ်များအား တပ်သားသစ်စုဆောင်းမှုများ အတင်းအကြပ် ပြုလုပ်နေချိန် ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကချင်ဒေသ)- KPDFမှလည်း တပ်သားသစ်များ လက်ခံကြိုဆိုနေကြောင်းစာစောင်ကို ဖေဖော်ဝါရီ၄ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။


ထုတ်ပြန်ချက်ထဲတွင် တပ်သားသစ်များအတွက် အသက်(၁၈)ပြည့်သူဖြစ်ရမည်၊ ကျန်းမာရေးကောင်းမွန်ပြီး ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံနိုင်ရမည် စသည့်သတ်မှတ်ချက် ၉ချက်နှင့်အတူ “ဟိုပင်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သင့်အားအလိုရှိသည်”ဟူသည့် စာသားဖြင့် ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်လာနိုင်ကြောင်း၊ နွေးထွေးစွာ ကြိုဆိုနေကြောင်း ရေးထားသည်။


ထို့အပြင် ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သစ္စာစောင့်သိသူဖြစ်ရမည်ဖြစ်ကြောင်း၊ တပ်ရင်းမှချမှတ်ထားသော စည်းကမ်းနှင့် မူဘောင်များကို လေးစားလိုက်နာကာ အထက်မှပေးအပ်သော တာဝန်နှင့် ဝတ္တရားများကို ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း စည်းကမ်းဖောက်ဖျက်မှုများအတွက် တပ်ရင်းမှချမှတ်ထားသော ပြစ်ဒဏ်များကို ကျေနပ်စွာခံယူနိုင်ရမည်ဖြစ်ကြောင်းလည်း ထပ်မံဖော်ပြထားသည်။


တစ်ဖက်တွင်လည်း မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ရှမ်းနီပြည်သူ့စစ်တပ်က တပ်သားသစ်များစုဆောင်းခြင်း အပြင်းအထန်လုပ်ဆောင်နေပြီး လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေသည်။ ပြီးခဲ့သည့် ဇန္နဝါရီ၂၄ရက်နေ့တွင်လည်း ဟိုပင်မြို့မှ လူငယ်အယောက်(၄၀)အား တစ်ရက်ထဲ၌ ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်ခဲ့သေးသည်။


ရှမ်းနီပြည်သူ့စစ်တပ်မှာ တပ်သား၅၀၀၀ပြည့်ရန် တပ်သားစုဆောင်းနေကြောင်း သိရပြီး ဖမ်းဆီးခေါ်ဆောင်သွားသော လူငယ်များကို သုံးလစစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးသည့်အပြင် စစ်ဆေးရေးဂိတ်များတွင် တာဝန်ချပေးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page