top of page

ဟိုပင်မြို့သို့ စစ်ကြောင်းဝင်ရောက်လာသော ပြည်သူ့စစ်များကို ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဗုံးကြဲတိုက်ခိုက်

  • Writer: Pajau Media
    Pajau Media
  • Mar 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ ဟိုပင်မြို့တွင်းသို့ စစ်ကြောင်းထိုးလာသော ရှမ်းနီပြည်သူ့စစ် စစ်ကြောင်းကို ယမန်နေ့ မတ်လ၂၀ရက်နေ့ နံနက်၁၀နာရီခန့်တွင် ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF)တို့သည် ဟိုပင်နန့်ရင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား၅၀နီးပါးရှိသည့် ပြည်သူ့စစ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။


"ဟိုပင်မြို့ဦးစေတီဘက်ကနေ နန့်စွန်းရွာဖက် စစ်‌ကြောင်းထိုးလာတဲ့ သတင်းရလို့ ဖြတ်တိုက်တာလို့ ပြောတယ်၊ KPDFက ဒရုန်းနဲ့ချတာ နှစ်ယောက်သေတယ်၊ သုံးယောက်ဒဏ်ရာရတယ်လို့ သိရတယ်" ဟု ဟိုပင်နန့်ရင်းဒေသခံတစ်ဦးက ပြောသည်။


ဖေဖော်ဝါရီလကုန်ပိုင်းမှစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့သည် ဟိုပင်နန့်ရင်းတံတား အဆင်းအတက်နေရာများတွင် ဘက်ဟိုးဖြင့် ချိုင့်ခွက်များဖြစ်အောင် ဖျက်ဆီးထားသည့်အပြင်၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုတွေကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရကာ၊ သေဆုံးသူများလည်း ရှိခဲ့ကြောင်း ဆိုသည်။


ထို့အပြင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့သည် ဒေသခံလူငယ်များကို စုဆောင်းရေးများ ပြုလုပ်ကာ၊ စစ်သင်တန်းများလည်း သင်ကြားပေးနေသည်ဟု ဒေသခံများက ပြောသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page