top of page

အောင်မြေ(၂) ကျေးရွာအတွင်း ထွက်ခွင့်မရ ပိတ်မိနေသည့် အရပ်သားပြည်သူများအနက် အသက်သေဆုံးသူ လေးဦးအထိ ရှိလာ

  • Writer: Pajau Media
    Pajau Media
  • Mar 13, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၃ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်သွား လမ်းမကြီး တစ်လျှောက် နှစ်ဖက်စစ်တပ်၏ ထိတွေ့တိုက်ပွဲများကြောင့် တိုက်ပွဲအတွင်း ပိတ်မိပြည်သူများမှ သေဆုံးသူ ဦးရေမှာ လေးဦးအထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။


“မနေ့က သေဆုံးတဲ့ အဘွားက အောင်မြေ (၂) ရွာမှာ ပိတ်မိပြည်သူတွေထဲက သေဆုံးသူ လေးယောက်မြောက် ဟုတ်တယ်။ မနေ့ကဘဲ အသက်ရှုကျပ်ပြီး ဆုံးသွားတာ။ မကြာဘူး အဘွားရဲ့ ခြံဝင်းမှာဘဲ မြေမြုပ်သဂြိုလ်ပေးလိုက်ပြီ” ဟု ဒေသခံတစ်ဦးမှ ပြောသည်။


အောင်မြေ(၂) ကျေးရွာအတွင်း ပိတ်မိပြည်သူများအနက် သေဆုံးသူ စုစုပေါင်း ၄ဦးအထိ ရှိလာသည်ဟု ဆိုသည်။ ထို့အပြင် ယမန်နေ့ည သေဆုံးသည့် အဘွားအိုသည် အသက် (၈၇) နှစ်ဝန်းကျင်ရှိပြီး အသက်ရှုကျပ်ကာ သေဆုံးခဲ့ကြောင်းနှင့် ညတွင်းချင်း မြေမြုပ်သဂြိုလ်ခဲ့ကြောင်း သိရသည်။ ကျန်သုံးဦးမှာ စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်မှုများနှင့် လက်နက်ကျရောက်ပေါက်ကွဲမှုများကြောင့် လက်နက်စထိမှန် အသက်သေဆုံးခဲ့ကြောင်း ဆိုသည်။


အောင်မြေ (၂)တွင် ပိတ်မိနေသူ ဒေသခံတစ်ဦးက “မတ်လ ၇ရက်နေ့ကစပြီး အခုအချိန်ထိ ပိတ်မိနေတာ ထွက်လို့မရသေးဘူး၊ အားလုံးသိတဲ့အတိုင်း ပိတ်မိနေတဲ့ ဒေသခံ၉၀၀ကျော်ကို ဘုန်းကြီးကျောင်းထဲမှာ စုထားပြီးဘက်ဖိုးနဲ့ ကျောင်းပတ်ပတ်လည်လည်ကို တူးလိုက်တယ်၊ ဘယ်မှ ထွက်လို့ မရတော့ဘူး ပိတ်မိတဲ့နေ့က စစ်ကြောင်းမှုးက မင်းတို့အားလုံး ဒီမှာဘဲ နေရမယ်။ ဘယ်သူမှ မထွက်သွားရဘူး မင်းတို့က ဒီမှာ သုံးရက်ပဲ နေနိုင်မယ် သုံးရက်အတွင်း အောင်မြေ (၁)ကို အမှုန့်ချေပစ်မယ်၊ သုံးရက်ပြီးရင် ထွက်သွားခိုင်းမယ်” ဟု ပြောဆိုထားကြောင်း ဆိုသည်။



နောက်ထပ်ဒေသခံတစ်ဦးမှလည်း “စစ်ဖြစ်နေတော့ လူတွေအားလုံး လေယာဉ်၊ ဒရုံး၊ လက်နက်ကြီး ရန်က လွတ်ဖို့ အသက်လုပြီး ရှောင်ပုန်းနေရတော့ အိမ်မွေးတိရိစ္ဆာန် (ခွေး၊ဝက်)တွေ အစာမစားရလို့ အားပြတ်ပြီး လဲနေတာ အရမ်းဝမ်းနဲဖို့ ကောင်းတယ်။ ခွေးတွေဆို ဟောင်တောင်မဟောင်နိုင်ဘူး။ စစ်ဖြစ်နေတဲ့ အချိန် သူခိုးတွေလည်း အရမ်းပေါတယ်၊ သူခိုးရန်က တစ်ဖက်၊ စစ်ပြေးက တစ်ဖက် ကမ္ဘာပျက်နေတဲ့ အတိုင်းပဲ။ လေယာဉ်နဲ့ ပစ်ပြီးတာနဲ့ ဒရုံးနဲ့ ဗုံးလာချတယ် ပြီးတာနဲ့ လက်နက်ကြီးကျတယ်၊ ပြီးရင် လေယာဉ်နဲ့ ပြန်လာပစ်တယ်” ဟု ပြောကြားသည်။


ဒေသခံများမှာ သုံးရက်ကျော်လာသော်လည်း မထွက်ခိုင်းသေးသည့်အပြင် ယခုကဲ့သို့ စစ်တပ်မှ ဓားစာခံ လူသားဒိုင်းကာသဘောမျိုးဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုကို မကျေနပ်သော်လည်း မည်သို့မျှ မတတ်နိုင်ကြောင်း ‌ပြောသည်။


ထို့ကြောင့် ရွှေညောင်ပင် ဒေသခံအချို့အပါအဝင် အောင်မြေ (၂) ဒေသခံ စုစုပေါင်း တစ်ထောင်ကျော်သည် တိုက်ပွဲမရှိသော်လည်း စစ်ကောင်စီမှ ထွက်ခွင့်မပေးသောကြောင့် ထွက်ခွင့်မရသည့်အပြင် ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ရန် KBC အရပ်ဖက်အသင်းအဖွဲ့များနှင့် ဝါးရှောင်ဆရာတော်တို့သည် ဗျုဟာမူး၊ ဒုဒကစမှုးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ထံ အကြိမ်ကြိမ် ခွင့်ပန်ကြားသော်လည်း ယနေ့ထိ ခွင့်ပြုချက်မရသေးကြောင်း လူမူကူညီရေး ဆောင်ရွက်နေသူ တစ်ဦးက ထပ်မံပြောသည်။


သတင်း -လေပြေ

Comments


Pajau Media

Thanks for subscribing!

bottom of page