top of page

အောင်မြေ (၂) ကျေးရွာအတွင်းပိတ်မိနေသော ပြည်သူများ အစားအသောက် ခက်ခဲနေပြီး ဆေးဝါးအကူအညီများ လိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • Mar 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ် ။



မတ်လ ၉ရက်နေ့ မနက်ပိုင်းမှ စတင်ပြီး ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ် တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာ အောင်မြေ(၂) ကျေးရွာဘက်သို့ မြစ်ကြီးနားမြို့ မှ လက်နက်ကြီးများဖြင့် ပစ်ကူကာ လေကြောင်းတိုက်ခိုက်မှုများပါ ဆက်တိုက်ပြုလုပ်နေသောကြောင့် အောင်မြေ(၂) ကျေးရွာ ဒေသခံပြည်သူ (၈၀၀) ကျော်ခန့် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွင် စုပေါင်းကာ တိမ်းရှောင်နေကြရကြောင်းသိရသည်။



“ရွာပတ်ဝန်းကျင်မှာ လက်နက်ကြီးတွေပစ်ပြီး လေယာဉ်နဲ့ပါ လာပစ်နေတယ်။ ပြီးတော့ ရွာထဲမှာ စစ်ကောင်စီ စစ်သားတွေနေရာယူထားတော့ ရွာကလူတွေအကုန်လုံး ဒီ အောင်မြေ(၂) ကျေးရွာဘုန်းကြီးကျောင်းမှာပဲ ထွက်ပြေးလာခဲ့ကြတာ၊ လောလောဆယ် ဒီမှာ အိပ်စရာနေရာတော့မရှိဘူး၊ မြေကြီးပေါ်မှာပဲအိပ်ရတယ်၊ တစ်ချို့ဆို အမိုးမရှိတဲ့ ဟာလာဟင်းလင်းပြင်ကြီး တွေမှာအိပ်ရတယ်။” ဟု လက်ရှိ အောင်မြေ(၂)ကျေးရွာ ဘုန်းကြီးကျောင်းတွင်ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတစ်ဉီးပြောသည်။


နေရာထိုင်ခင်းများ အဆင်မပြေသည့် အပြင် ကမန်းကတန်းထွက်ပြေးလာရတဲ့အတွက် အစားအသောက်များ လုံလုံလောက်လောက်ပါမလာပဲ လက်ရှိတွင်ဒေသခံတစ်ချို့ယူလာနိုင်ခဲ့သော ဆန်အနည်းငယ်ကိုချက်ကာ ရှိသလောက်ဖြင့် ဝေမျှစားသောက်ကာ နေရသော်လည်း၊ ညနေစာ နှင့် နောက်တနေ့အတွက်မူ စားစရာများ မရှိတော့ကြောင်း အထက်ပါ ဒေသခံမှပြောသည်။


ထို့သို့ နေရာထိုင်ခင်းအဆင်မပြေမှုနှင့် အစားအသောက် ခက်ခဲမှုများ အပြင် ကျန်းမာရေးဆိုင်ရာ အကူအညီများပါလိုအပ်နေသော်လည်းလက်ရှိတွင် အပြင်သို့လုံးဝထွက်ခွင့်မရပဲ ကျေးရွာဘုန်းကြီးကျောင်း အတွင်းသာပိတ်မိနေခြင်းဖြစ်သည်။


ထွက်ပြေးတိမ်းရှောင်နေသူ၏ပြောဆိုချက်အရ၊ “နှာစေးချောင်းဆိုးကတော့ အကုန်လုံးနီးပါးဖြစ်နေပြီ၊ ဝမ်းပျက်ဝမ်းလျောြဖစ်တဲ့သူ၊ သွေးပေါင်ချိန်ကျတဲ့သူတွေနဲ့၊ တစ်ချို့ဆို မြေကြီးပေါ်မှာအိပ်ရတော့ ကျောတွေနာပြီး လေဖြတ်တဲ့ လက္ခဏာပြလာတာမျိုးလည်းရှိတယ်။ ဟိုနေ့က Accident ဖြစ်ထားပြီး ထိုင်ရခက် ထရခက်နဲ့ ခြေ၊ လက်ကျိုးထားတဲ့ အန်တီကြီးတစ်ယောက်လည်းပါတယ်။ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ဘက်ကို ဆေးခန်းပြဖို့ ရက်ချိန်းယူထားတဲ့ နာတာရှည် ရောဂါသည် လူနာတွေလည်းပါတယ်။ ရွာက သားဖွားအရန်တွေ သူတို့အိမ်မှာရှိတဲ့ဆေးသွားယူဖို့တောင် အပြင်လုံးဝထွက်လို့မရဘူး၊ အကုန်လုံးဘုန်းကြီးကျောင်းထဲမှာပဲ နေနေရတယ်။” ဟု ဆိုသည်။



ယင်းပိတ်မိနေသော ပြည်သူများကို ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG)၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းအသီးသီးမှ ကယ်ထုတ်နိုင်ရန် ကြိုးစားခဲ့သော်လည်း လက်ရှိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် အခြေအနေကြောင့် ကယ်ထုတ်ရန်ခက်ခဲနေကြောင်းသိရသည်။


မတ်လ ၇ ရက်နေ့က စတင်၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ မြစ်ကြီးနား-ဗန်းမော်ကားလမ်း တစ်လျှောက် ရှိ စစ်ကောင်စီ နှင့် ပြည်သူ့စစ် စခန်းများအား စတင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ရာ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ နှင့် အောင်မြေ(၁)၊ အောင်မြေ(၂) ကျေးရွာများရှိ ဒေသခံပြည်သူများ နှစ်ဖက်တိုက်ပွဲအကြား ပိတ်မိနေခြင်းဖြစ်ကြောင်းသိရသည်။

Comments


Pajau Media

Thanks for subscribing!

bottom of page