အကျဲကျေးရွာတွင် စစ်ကောင်စီတပ်၏ အင်အားဖြည့် တပ်စွဲလာခြင်းကြောင့် ဒေသခံများ အများအပြား ထွက်ပြေးတိမ်းရှောင်နေ
- Pajau Media

- Mar 13, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၃ရက်၊မတ်လ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား-မိုးကောင်းလမ်းရှိ အကျဲကျေးရွာတွင် စစ်ကောင်စီတပ်၏ အင်အားဖြည့် တပ်စွဲလာခြင်းအပြင် KIA ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ၊ စစ်ကောင်စီမှ လက်နက်ရမ်းသမ်း ပစ်ခတ်မှုများကြောင့် အကျဲဒေသခံ အများအပြား နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။
“ကျမတို့ ကျေးရွာဘက်မှာက လက်နက်ပစ်ခတ်သံတွေ အမြဲတမ်းကြားနေရတယ်။ မနေ့ကလည်း KIA နဲ့ တိုက်ပွဲဖြစ်တယ်။ ဒီနေ့လည်း အစောပိုင်း ဖရောဘက်သွားတဲ့ ကားကို သေနတ်နဲ့ လိုက်ပစ်တယ်။ ရွာမှာ တပ်စွဲထားတဲ့ စခန်းကလည်း လက်နက်ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်။ အဲတာကြောင့် စခန်းနဲ့ နီးတဲ့ ပတ်ဝန်းကျင်က ရွာသားတွေက အားလုံး ရှောင်ကုန်ကြတယ်။ ဘယ်သူမှမရှိတော့ဘူး။ အခုရှိနေတာက ရွာရဲ့အလယ်လောက်က အနည်းအကျဉ်းပဲ ရှိတော့တယ်” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်း ၉နာရီ ၁၅မိနစ် အချိန်ခန့်တွင် ဖရောကျေးရွာဘက်သွားလာသည့် မော်တော်ယာဉ်အား စစ်ကောင်စီမှ သေနတ်ဖြင့်လိုက်ပစ်ခဲ့ရာ အနီးဝန်းကျင်ရှိ နေအိမ်တစ်လုံးအတွင်း လက်နက်ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။
“မနက်က ဖရောဘက်သွားတဲ့ ကားကို စစ်တပ်က လက်နက်နဲ့ပစ်တာ၊ အရှေ့ဘက်မှာ ရှိနေတဲ့ အိမ်ခြေတစ်လုံးမှာ သူတို့ပစ်လိုက်တဲ့ ကျည်ဆံက ကလေးတွေရှိနေတဲ့ အနားမှာ လာကျတာ၊ ထိခိုက်တာတော့ ဘာမှ မရှိဘူး၊ ကလေးတွေရဲ့ အဖေတော့ ကလေးတွေကို နီးစပ်တဲ့ ဆွေမျိုးတွေဆီကို ခေါ်သွားလိုက်ပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံတစ်ဦး ပြောပြချက်အရ ယင်းဖရောကျေးရွာဘက်သို့ သွားလာသည့်လမ်းများသည် မော်တော်ယာဉ်များအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ဆိုင်ကယ်များသာ သွားလာခွင့်ပြုထားကြောင်း သိရသည်။
အလားတူ အကျဲကျေးရွာအတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA ပူးပေါင်းတပ်တို့ ယမန်နေ့ နေ့လည် ၁၁နာရီဝန်းကျင်ခန့်၌လည်း မိနစ်၃၀ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ဒေသခံများမှာ ဘုရားကျောင်းနှင့် နီးစပ်ရာ ဆွေမျိုးများဆီသို့ ယနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဆိုသည်။

လက်ရှိတွင် အကျဲကျေးရွာအတွင်း စခန်းချနေထိုင်သည့် စခန်းအရှေ့ပိုင်းရှိ အိမ်ခြေ(၁၀)စု၊ စခန်းအနေက်ဘက်ရှိ အိမ်ခြေ (၂၀)စုများနှင့် ကျေးရွာအောက်ဘက်၏ မလိခဝန်းကျင်ရှိ အိမ်ခြေ(၄၀)နီးပါး တို့သည့် ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။
လက်ရှိ ကျေးရွာအတွင်း အင်အား ၁၀၀ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များက ၅ဦးတစ်စုဖြင့် ကင်းလှည့်နေထိုင်နေကြပြီး၊ ဒေသခံ အိမ်ခြေ(၇၀)ကျော်ခန့်လည်း နီးစပ်ရာ ဘုရားကျောင်းများနှင့် အခြားလုံခြုံသည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။ အလားတူ ကလေးများနှင့် သက်ကြီးရွယ်အိုများကိုလည်း နီးစပ်ရာ ဆွေမျိုးများဆီသို့ ပြောင်းထားရကြောင်းလည်း ထပ်မံသိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များအနက် အင်အား၃၀ခန့်သည် အကျဲကျေးရွာ၏ ကျောင်းဝင်းအနီး၌ ယခင်ကတည်းက တပ်စွဲနေထိုင်းနေပြီး၊ ကျန်အင်အားစုများမှာ မတ်လ ၁၀ရက်နေ့ နံနက် ၇နာရီခန့်မှ စတင်ဝင်ရောက် တပ်စွဲခဲ့ခြင်း ဖြစ်သည်။
မြစ်ကြီးနားမြို့ရှိ နမ့်ပေါင်လေတပ်စခန်းအား KIA ပူးပေါင်းတပ်က ရှော့တိုက်ဒုံးဖြင့် မတ်လ၇ရက်နေ့က သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် မြစ်ကြီးနား-မိုးကောင်းလမ်းရှိ ရှဒေါင်ကျေးရွာအနီးနှင့် အကျဲကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲကာ၊ လက်နက်ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ ပြုလုပ်ခဲ့ကြောင်း သိရသည်။




Comments