top of page

အကျဲကျေးရွာဒေသခံများ အကန့်အသတ်ဖြင့်သာ စားသောက်ကုန် သယ်ယူခွင့်ရပြီး၊ ကျန်ရှိသည့် ရိက္ခာများကို စကစ ဂိတ်မှ သိမ်းယူထား

  • Writer: Pajau Media
    Pajau Media
  • Apr 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အပြင်ဘက်တွင်တည်ရှိသည့် အကျဲကျေးရွာတွင် ဒေသခံ ပြည်သူများ၏ စားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီမှ ကန့်သတ်ထားကြောင်း အကျဲဒေသခံများက ပြောသည်။


အကျဲကျေးရွာအဝင်တွင် အခြေချနေထိုင်သည့် စစ်ကောင်စီဂိတ်မှ ဒေသခံများ စားနပ်ရိက္ခာ သယ်ယူလာချိန်တွင် စားသောက်ကုန်များကို များစွာသယ်ယူခွင့် မပေးကြောင်း ဒေသခံတစ်ဦးက ပါဂျောင်မီဒီယာသို့ ယခုလို ပြောခဲ့သည်။


"စစ်တပ်ဂိတ်က ရွာထဲကို ဆန်တစ်အိတ်တောင် မသယ်ခိုင်းဘူး။ ဆန်ဆို တစ်ပြည်ဘဲ သယ်ခိုင်းတယ်။ စားဆီဆိုရင် ငါးဆယ်သားဘဲ သယ်ရတယ်။ စက်သုံးဆီဆိုရင် ပုံးနဲ့သယ်လို့မရဘူး တစ်လီတာဘူးဘဲ သယ်ခိုင်းတယ်။ အကျဲရွာနားမှာ KIA နဲ့ စစ်တပ်နဲ့က ခဏခဏ တိုက်ပွဲဖြစ်တော့ ရိက္ခာတွေကို တောဖက်ထောက်ပံ့မှာစိုးလို့ မသယ်ခိုင်းဘူး။ ကျွန်မတို့က တိုက်ပွဲဖြစ်ရင် အပြင်ထွက်မရမှာစိုးလို့ ဆန်သုံးပြည် လေးပြည် ဝယ်လာတာကို တစ်ပြည်ဘဲသယ်ခိုင်းပြီး နှစ်ပြည်ကို သူတို့ သိမ်းယူထားလိုက်တယ်။"


အကျဲကျေးရွာမှ ဒေသခံများကို စစ်ကောင်စီတပ်များမှ စားသောက်ကုန်များ များစွာ မသယ်ယူခိုင်းသည်မှာ တော်လှန်ရေးတပ်ဖွဲ့သို့ ထောက်ပံ့မည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်မည်ဟု ဒေသခံများက သုံးသပ်ပြောဆိုထားသည်။


လက်ရှိတွင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်နေခြင်းကြောင့် သက်ကြီးရွယ်အိုများ၊ က‌လေးငယ်နှင့် အမျိုးသမီး အများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ကြည့်ရှုစောင့်ရှောက်ရန် အမျိုးသားအချို့နှင့် လူနည်းစုသာ ကျန်ရှိနေကြောင်း ဒေသခံများက ပြောသည်။


ပြီးခဲ့သည့် မတ်လ ၂၇ရက်နေ့တွင်လည်း စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုကြောင့် ဒေသခံများ၏ နေအိမ်မီးလောင်ပြာကျခဲ့သည့်အပြင် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


ယင်းအချိန်မှစ၍ အကျဲကျေးရွာမှ ဒေသခံအများအပြား ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေကြပြီးဖြစ်ကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page