top of page

အကျဲနှင့်ဖရောကြားရှိ အဓိကလမ်းပိုင်းအား စစ်တပ်မှ ဖြတ်တောက်လိုက်သောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Jun 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။




မြစ်ကြီးနားမြို့ပြင်အထွက် အကျဲကျေးရွာနှင့် ဖရောကျေးရွာကို ဆက်သွယ်ထားသည့် လမ်းပိုင်းအား ယမန်နေ့ ဇွန်လ၁၇ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ မြေကျင်းတူးပြီး လမ်းဖြတ်တောက်လိုက်သောကြောင့် ယင်းဒေသရှိ ဒေသခံများအတွက် သွားလာရေးခက်ခဲသွားကြောင်း သိရသည်။


ယင်းလမ်းပိုင်းမှာ အကျဲကျေးရွာနှင့် ဖရောကျေးရွာ ဒေသခံများ၏ ဆက်သွယ်ရေးအတွက် အဓိကမိန်းလမ်းဖြစ်ပြီး၊ အကျဲကျေးရွာမှ ဖရော၊ မလဲနှင့် ဟိုကပ်ကျေးရွာ စသည့်ဒေသသို့ အဓိက လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် သွားလာသည့်လမ်းမကြီး ဖြစ်ကြောင်း သိရသည်။


အကျဲဒေသခံတစ်ဦးက ”အဲဒီလမ်းက အဓိကလမ်းပဲလေ။ စစ်တပ်က ဖြတ်တောက်လိုက်တော့ ဒေသခံတွေ ခက်ခဲပြီပေါ့။ တစ်ချို့က အဲဒီမှာ မြေပြန်ဖို့ပြီး ဆိုင်ကယ်နဲ့ သွားလာကြတယ်။ ခက်ခက်ခဲခဲပဲ မိုးကရွာ၊ လမ်းကမကောင်းတော့ အခုလို လမ်းဖျက်စီးလိုက်တာ ပိုဆိုးတာပေါ့။ မြေပြန်ဖို့ပြီး သွားလာကြတာလဲ ခက်ခက်ခဲခဲပါပဲ” ဟု ပြောသည်။


 ဒေသခံများမှာ သွားလာရေးအတွက် မြေပြန်ဖို့ကာ ဆိုင်ကယ်နှင့် သွားလာနေကြသူများလည်းရှိပြီး၊ မော်တော်ကား ဖြတ်သန်းရန်အတွက်မှာ ခက်ခဲနေသေးသည့်အပြင် ယခုကဲ့သို့ စစ်ကောင်စီမှ လမ်းပိုင်းအား မြေကျင်းတူးပြီး လမ်းဖြတ်တောက်လိုက်သောကြောင့် ယင်းဒေသရှိ ဒေသခံများမှာ သွားလာရေးအတွက် အလွန်ပင် ခက်ခဲနေသည်ဟု ဆိုသည်။


၂၀၂၄ခုနှစ်အတွင်း အကျဲကျေးရွာအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲနှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး၊ ၂၀၂၃ခုနှစ်ကလည်း ဖရောကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page