အကျဲနှင့်ဖရောအကြား လမ်းပိုင်းအား ဖြတ်တောက်ခဲ့ပြီးနောက် အကျဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွား
- Pajau Media

- Jun 19, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၉ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။

မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာနှင့် ဖရောကျေးရွာအကြားတွင် ယမန်နေ့ ဇွန်လ၁၈ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ၁၈ရက်နေ့ နေ့လည်၁၂နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်သားများက အကျဲကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် KIAဘက်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်ဟု ဆိုသည်။
ဒေသခံများပြောပြချက်အရ နှစ်ဖက်ထိတွေ့တိုက်ပွဲ မိနစ်၂၀ခန့်ကြာမြင့်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့ပေါ်အတွင်း ကျယ်လောင်သော လက်နက်ကြီးသံများ ကြားခဲ့ရပြီး၊ နှစ်နာရီနောက်ပိုင်းမှာတော့ လက်နက်ကြီးသံများ ၁၀မိနစ်ခြားတစ်ကြိမ်ဖြင့် ညနေ၅နာရီအထိ ဆက်တိုက်ကြားနေခဲ့ရသည်ဟု မြို့ခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် တမြန်နေ့ ဇွန်လ၁၇ရက်နေ့ နံနက်ပိုင်းတွင်လည်း အကျဲနှင့် ဖရောကျေးရွာအကြားရှိ အဓိကလမ်းပိုင်းအား မြေကျင်းတူး ဖျက်စီးခဲ့သေးသည်။
ယင်းလမ်းပိုင်းအား ဖျက်စီးခဲ့ပြီးချိန်ကတည်းက အကျဲကျေးရွာ အနီးဝန်းကျင်တွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ရှိလာခဲ့ပြီး ယမန်နေ့ နေ့လည်အချိန်ခန့်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။




Comments