top of page

အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့သည့် မြစ်ကြီးနား-မန္တလေးသွား ကားလမ်းမကြီး ယနေ့ ပြန်ဖွင့်

  • Writer: Pajau Media
    Pajau Media
  • Nov 22, 2023
  • 1 min read

ပါဂျောင် မီဒီယာ



တစ်ပတ်တိတိ ယာယီပိတ်ထားခဲ့သည့် မြစ်ကြီးနား မန္တလေးသွား ပြည်ထောင်စုလမ်းမကြီး ယနေ့ နို၀င်ဘာ ၂၂ရက်နေ့မှာ ပြန်လည် ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။


ပူပေါင်းတပ်ဖွဲ့ KPDF နှင့် တပ်မတော်တို့ စစ်ရေး ပြင်းထန်လာခြင်းကြောင့် လွန်ခဲ့သည့် နိုင်၀င်ဘာ ၁၆ရက်နေ့မှ အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့ပြီး၊ ခရီးသည်တင်ကားများနှင့် ကုန်ကားများ အများအပြား သောင်တင်ပိတ်မိနေခဲ့ကြခြင်း ဖြစ်သည်။


ဂိတ်ဖွင့်ခြင်းနှင့် ပတ်သက်ပြီး တာဝန်ကျရဲဘော်တစ်ဦးက ယခုလို ‌ပြောသည်။

" ဂိတ်က မနက် ၆ နာရီကနေ ညနေ၆နာရီထိပဲ သွားလာခွင့် ပြုထားတာပါ။ဘယ်နှစ်ရက် ဖွင့်မယ်ဆိုတာကတော့ အတိအကျ မပြောနိုင်ပါဘူး။ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ပိတ်နိုင်ပါတယ်" ဟု သူကပြောသည်။


ထို့ကြောင့် ယနေ့ နံနက်ပိုင်းမှ စတင်ကာ သောင်တင်ပိတ်မိနေသည့် ကားများအား ဦးစွာ ဖြတ်သန်းသွား လာ ခွင့် ပြုလိုက်ခြင်းဖြစ်သည်။


ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မော်လူးမြို့အနီးရှိ နန်းဒယချောင်း ကုန်းတက်ပေါ်၌ အခြေချနေထိုင်သည့် KIA/ KPDF ဂိတ်သည်လည်း ယနေ့ နံနက်ပိုင်းမှ စတင်ကာ နန်စီးအောင်ဂိတ်ဖွင့်သည်နှင့် တစ်ပြိုင်နက် ဖွင့်ပေးလိုက်ပါသည်ဟု အမည်မဖော်လိုသည့် တာဝန်ကျ ရဲဘော်တစ်ဦးဆီက သိရသည်။


ယင်းဂိတ်မှာ ယခင်က ဆိုင်ကယ်များကိုသာ သွားလာခွင့်ပြုထားသော်လည်း ယနေ့က ခရီးသည်ယဉ်၊ စက်သုံးဆီတင်ယဉ်များ၊ ကုန်စည်ကားများ၊ အိမ်စီးကားနှင့် သုံးဘီးယဉ်အဆုံး အတက်အဆင်းယဉ်များ အားလုံး သွားလာခွင့်ပြုလိုက်သည် ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။


လွန်ခဲ့သည့်အပတ်က စစ်ကောင်စီ၏ ဂိတ်ဖြစ်သည့် နန့်စီးအောင်(ပေကုန်း) ဂိတ်သည် မြစ်ကြီးနား မန္တလေး အဆင်းယဉ်အားလုံး ဖြတ်သန်းခွင့် ပြုထားသော်လည်း နန်စီးအောင်ဂိတ်မှ ထွက်လာသည့် ယဉ်များ စီးပိန်းကျေးရွာ ( မော်လူးမြို့) အနီး၌ ပိတ်မိနေခြင်း ဖြစ်ကြောင်း သိရသည်။


ယခုရက်ပိုင်းအတွင်း ယင်းပြည်ထောင်စု ကားလမ်းမကြီး ပိတ်ပင်ထားလိုက်ခြင်းကြောင့် ကားနှင့် ခရီးသည်များ အများအပြား သောင်တင်ပိတ်မိနေပြီး၊ မြစ်ကြီးနား၊၀ိုင်းမော်မြို့နယ်အတွင်း စက်သုံးဆီ ပြတ်လတ်မှု၊ စားနပ်ရိက္ခာ ကုန်စျေးနှုန်း အဆမတန် မြင့်တက်မှုတို့ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page