အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာမှ အရေးပါသည့် လမ်းမြေတွင် လုပ်ငန်းရှင်များ ရွှေတူးဖော်နေ
- Pajau Media

- Mar 29, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၉ရက်၊မတ်လ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာမှ အခြားရွှေမှော်သို့ အဓိက ဆက်သွယ်ပေးသော ပေ၇၀အကျယ်ရှိသည့် တစ်ခုတည်းသောမိန်းလမ်းမကို တရားမဝင် ရွှေတူးဖော်နေကြသောကြောင့် လမ်းပျက်စီး ပျောက်ကွယ်သွားနိုင်သည်ဟု ဒေသခံများက ပြောသည်။
"မနှစ်တုန်းက မိုင်းနောင် ကျေးရွာလမ်းမြေ တစ်ပေကို တောဖက်က သိန်းတရာတောင်းတာ၊ ဘယ်သူမှ မတူးကြဘူး၊ ဒီနှစ်မှာတော့ လုပ်ငန်းရှင် ဝင်လာပြီး ဘက်ဖိုးတွေနဲ့တူးတာ တစ်လလောက်ဘဲ ရှိသေးတယ်၊ လမ်းမြေရဲ့ဘေးနှစ်ဖက်လုံးက ရွှေတူးထားလို့ ကျင်းဟောင်းတွေဖြစ်ကုန်ပြီ။ ဘယ်လောက်ပေးပြီး တူးနေကြလဲ မသိဘူး” ဟု မိုင်းနှောင်ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ဒေသခံများ၏ အရေးပါသည့် မိုင်းနောင်လမ်းမြေနေရာ၌ တရားမဝင် ရွှေတူးဖော်နေကြသည်မှာ တစ်လအတွင်းသာ ရှိနေသော်လည်း ဘက်ဟိုးအကြီးနှစ်စီးနှင့် အသေးတစ်စီးဖြင့် နေ့ညမပြတ် တူးဖော်နေကြသောကြောင့် ယင်းလမ်းမြေ၏ ဘေးနှစ်ဖက်စလုံးမှာပင် ကျင်းဟောင်းများသာ ကျန်ရှိနေတော့သည်ဟု ပြောသည်။

ထို့အပြင် အသက်၆၇နှစ်အရွယ် ဒေသခံတစ်ဦးမှလည်း ရွှေလုပ်ငန်းရှင်များ ရွှေတူးဖော်လုပ်ကိုင်ပြီး မြေပြန်ဖို့ခြင်းမရှိသည့်အပြင် နောက်ဆက်တွဲ အကျိုးဆက်များကိုမူ ဒေသခံတွေသာ ခံကြရသည်ဟု ထပ်မံပြောသည်။
“ဘယ်နေရာမှာဘဲတူးတူး တောပြုန်းပြီး ကျင်းဟောင်းတွေဘဲ ကျန်ထားတာ၊ ရွာအနီးနားက ကျွဲ၊ နွားတွေဆိုရင် ကျင်းဟောင်းထဲ ခဏခဏ ပြုတ်ကျလို့ သေတယ်၊ မနှစ်ကဆိုရင် ကလေးတွေတောင် ကျင်းဟောင်းထဲ ကျသေကြတယ်၊ ကျုပ်တို့က ဒေသခံဆိုတော့ ဒေသက လူတွေဘဲ ခံနေရတာပေါ့ဗျာ"
အင်းတော်ကြီးဒေသတွင် တိုင်းပြည်အာဏာသိမ်းခံရပြီးနောက်ပိုင်း တရားဝင် ရွှေလုပ်ကွက်များစွာ ပေါ်ပေါက်လာခဲ့ပြီး၊ ဒေသခံများ၏ လယ်မြေ၊ လမ်းမြေနေရာများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
သို့သော်လည်း လုပ်ငန်းရှင်များမှာ ဒေသခံများမဟုတ်သည့် အခြားဒေသမှ လာရောက်လုပ်ကိုင်ကြသူများဖြစ်ပြီး၊ ရွှေမှော်တည်ပြီး ဖြစ်ပေါ်လာသော ခိုးဆိုးလုယှက်မှုများ၊ ဓါးပြတိုက်မှုများနှင့် မူးယစ်ဆေးသုံးစွဲသူ များပြားလာခြင်း စသည့် အကျိုးသက်ရောက်မှုများမှာ ဒေသခံများသာ ကြုံတွေ့နေကြရသည်။
ဒေသခံများပြောပြချက်အရ မိုင်းနောင်ကျေးရွာ၊ နန့်ပတဲကျေးရွာနှင့် နန့်မီးလောင်ကျေးရွာဘက်မှ ရွှေလုပ်ကွက်တွေမှာ တောဘက်က အဖွဲ့အစည်းများမှ အခွန်ကောက်ယူပြီး၊ မမုံကိုင်ကျေးရွာနှင့် ညောင်ပင်ကျေးရွာဘက်မှ ရွှေလုပ်ကွက်များမှာ စစ်ကောင်စီ စစ်တပ်ဘက်မှ အခွန်ကောက်ယူကာ တရားမဝင် ရွှေလုပ်ကွက်များစွာ လုပ်ကိုင်နေကြကြောင်း သိရသည်။
မိုင်းနောင်ကျေးရွာတွင် ရွှေဖြူနှင့်ရွှေဝါ အများအပြား ထွက်ရှိသော ဒေသဖြစ်ပြီး၊ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လျှင်ပင် မိုင်းတောင်ရွှေဖြူတောမှ ထွက်ရှိသည့် ရွှေသည်လည်း အရည်အသွေး အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား




Comments