အင်းတော်ကြီးဒေသ လူငယ်များကို စစ်သင်တန်းတက်ရန် SNA အတင်းအကြပ် ပြုလုပ်စေခိုင်းနေ
- Pajau Media

- Aug 6, 2025
- 1 min read
ပါဂျောင်မီဒီယာ
၆ရက်၊ ဩဂုတ်၊ ၂၀၂၅။

အင်းတော်ကြီးဒေသ တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန်အတွက် SNAတပ်ဖွဲ့က နန့်မွန်း၊ မိုင်းနောင်၊ မမုံကိုင်၊ မိုးညှင်း၊ ဟိုပင် စသည့်ကျေးရွာများမှ ရှမ်းနီလူငယ်များကို တပ်သားစုဆောင်းရေးဆွဲနေသည့်အပြင် ပြည်သူများကို စစ်သင်တန်းတက်ဖို့ အတင်းအကြပ် ပြုလုပ်စေခိုင်းနေကြောင်း ဒေသခံများမှ ပြောကြားလာသည်။
အင်းတော်ကြီးဒေသ မိုင်းနောင်၊ လယ်ပုံ၊ ရွှေလက်ပံ စသည့်ကျေးရွာများမှ ရွာသားများကို စစ်သင်တန်းတက်ရန်အတွက် တစ်အိမ်တစ်ယောက်နှုန်းဖြင့် အတင်းဖိအားပေးပြီး လိုက်လံခေါ်ဆောင်နေကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။
"ပထမက ရွှေလက်ပံရွာမှာ အယောက် ၃၀ ဘဲ တောင်းတာ၊ သူ့သားသမီး/ကိုယ့်သားသမီး ဘယ်သူမှမထည့်ချင်တော့၊ ဖိုးသမားတွေကို လူစားထိုးထည့်ဖို့ သိန်း၅၀/၁၀၀နဲ့ ငှားကြတယ်။ ပိုက်ဆံရှိတဲ့သူတွေကျ ငှားနိုင်တယ်လေ၊ ပိုက်ဆံမရှိတဲ့သူကျ မလိုက်ချင်လဲလိုက်ရတာပေါ့။ အသက် ၃၀ အရွယ် မိန်းမနဲ့ကလေးရှိတဲ့ ကောင်လေးဆို သင်တန်းတက်ဖို့ စရင်းပေးလိုက်ရတဲ့ ညမှာ စိတ်ညစ်လို့ အတွေးလွန်ပြီး သတိလစ်သွားတာ လူသေလိုမျိုးဖြစ်သွားတယ်၊" ဟု ပြောသည်။
SNAတပ်သည် အဝေးကို တိမ်းရှောင်သွားသည့် လူငယ်များနှင့် ခရီးထွက်နေသည့် လူငယ်များကို နေရပ်ပြန်လာဖို့ မိသားစုကို အကြောင်းကြားခိုင်းပြီး၊ စစ်သင်တန်းမတက်လျှင် အိမ်ကိုချိတ်ပိတ်မည်ဟု ချိန်းခြောက်ပြောဆိုနေသည်ဟု ဆိုသည်။
ထို့အပြင် နန့်မွန်းကျေးရွာမှ ရွာသားများကိုတော့ စစ်သင်တန်းတက်ဖို့ အပတ်စဉ်လိုက် ခေါ်ယူနေပြီး သင်တန်းတက်ရမည့်ရက်မှာ ၄၅ ရက် ဖြစ်ကြောင်း သိရသည်။
တစ်ဖက်မှာလည်း မိုင်းနောင်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သွားကြသည့် ကချင်လူမျိုးနေအိမ်များကို ချိတ်ပိတ်ထားပြီး အိမ်တွင်းပစ္စည်းများကို သယ်ယူအသုံးပြုခြင်း၊ ခိုးယူဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည်ဟု မိုင်းနောင်ရွာသားတစ်ဦးက ပြောသည်။
“မိုးညှင်းဖက်ရှောင်သွားတဲ့ ကချင်လူမျိုးအိမ်က စပါးတင်း ၇၀၀ ကို သယ်ထုတ်ပြီး စပါးတင်း၂၀၀ကို ရောင်းစားလိုက်တယ်။ ကျန်တဲ့တင်း (၅၀၀)ကို သူတို့စခန်းကို သယ်သွားတယ်၊ တစ်ခြားကချင်လူမျိုးအိမ်က အဝတ်ဘီရိုအကြီးကြီးတွေရော၊ နွား၊ ကြက်နဲ့ဝက်တွေကိုရော သယ်ယူသွားတယ်။” ဟု ပြောသည်။
ရှမ်းနီနယ်တွင် စစ်မှုထမ်းဥပဒေကို ရှမ်းနီတွေ ကိုယ်တိုင်ဖော်ဆောင်ဖို့ ၂၀၂၅ ခုနှစ် အစပိုင်းက အထွေထွေအုပ်ချုပ်ရေးရုံးမှ ခွင့်ပြုလိုက်ပြီးနောက် အသက်မပြည့်သေးသည့် အသက် ၁၂ နှစ်အရွယ် ကလေးများကိုပါ ဖမ်းဆီးကာ စစ်သင်တန်းတက်ခိုင်းနေကြောင်း ထပ်မံသိရသည်။
သို့သော် မိုင်းနောင်နှင့် မမုံကိုင်ကျေးရွာကို ကချင်လွတ်လပ်ရေးတပ် KIAပူးပေါင်းတပ်ဖွဲ့ဘက်က လက်လွတ်လိုက်ပြီးနောက် အဆိုပါဒေသတွင် ကချင်လူမျိုးများ နေထိုင်မရအောင် ခြိမ်းခြောက်သဖြင့် ကချင်လူမျိုးများမှာ ယင်းဒေသမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ထို့နောက် ကျန်ရှိနေသည့် ရှမ်းနီနှင့် ဗမာလူမျိုးများကိုတော့ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ အတင်းအကြပ် ပြုလုပ်စေခိုင်လာခြင်း ဖြစ်သည်ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။
သတင်း - ကချင်ပြည်သား




Comments