အင်းတော်ကြီးဒေသ လူငယ်များ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်သင်တန်း အတင်းတက်နေရ
- Pajau Media

- Aug 14, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊ သြဂုတ်၊ ၂၀၂၅။

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ နန့်မွန်းမြို့နှင့် မိုင်းနောင်ကျေးရွာရှိ ဒေသခံပြည်သူများမှာ ပြည်သူ့စစ်တပ်ဖွဲ့မှ တစ်အိမ်တစ်ယောက် ပြည်သူ့စစ် သင်တန်းတက်ခိုင်းနေကြောင်း သိရသည်။
" အဓိက ရှမ်းနီတွေဦးဆောင်ပြီး ဒီနနန့်မွန်းနှင့် မိုင်းနောင်မှာ စစ်သင်တန်းဖွင့်ပြီး တစ်အိမ်တယောက်တက်နေရတယ်" ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ တပ်မ ၃၃ လက်အောက်ခံတပ်ဖွဲ့နှင့် ရှမ်းနီပြည်သူ့စစ် SNA ပူးပေါင်းတပ်ဖွဲ့များမှာ အင်းတော်ကြီးဒေသရှိ ပြည်သူများကို တစ်အိမ်တစ်ယောက် မဖြစ်မနေတက်ရောက်ခိုင်းနေကြောင်းနှင့် ဖမ်းဆီးစုဆောင်းထားသည့် တပ်သားသစ်များကို နန့်မွန်းမြို့နှင့် မိုင်းနောင်ကျေးရွာသို့ စစ်သင်တန်းပို့ချသင်ကြားပေးနေကြောင်း သိရသည်။
ပြည်သူ့စစ်သင်တန်းတက်ရောက်နေသူများမှာ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းအပါအဝင် အမျိုးသမီးများလည်း ပါ၀င်သည်ဟု ဆိုသည်။
လက်ရှိတွင် စစ်သင်တန်းကာလ ၃ လဝန်းကျင်ရှိနေပြီဖြစ်ပြီး နန့်မွန်းနှင့်မိုင်းနောင်ကျေးရွာရှိ SNAအထိုင်ချထားသည့်တပ်စခန်းမှတွင်စစ်သင်တန်းပေးနေပြီး သင်တန်းသားအရေအတွက်ကိုတော့ မသိရှိရကြောင်း ဆက်ပြောသည်။
ပြီးခဲ့သည့် မေလပိုင်းကတည်းက SNAရှမ်းနီဌာနေပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်များက လုံးတုံ၊နန့်မွန်း အဝင်အထွက်နေရာနှင့် အင်းတော်ကြီး–ဂွေခါလမ်းတွင် ဂိတ်ထိုင်ကာ လူငယ်များကို ပိတ်စို့ဖမ်းဆီးပြီး တစ်အိမ်တစ်ယောက် ပြည်သူ့စစ်ထဲမဝင်မနေရ စနစ်ဖြင့် ပြည်သူ့စစ်တပ်ထဲ အတင်းဝင်ခိုင်းနေခြင်းမျိုး ပြုလုပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
သတင်း-ဖရိန်း




Comments