top of page

အင်းတော်ကြီးဒေသတွင် စစ်ကောင်စီမှ ဖမ်းဆီးခံရသည့် လူငယ်၅ဦး ယနေ့အထိ မလွတ်လာသေး

  • Writer: Pajau Media
    Pajau Media
  • Apr 23, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နန့်ပတဲကျေးရွာမှ လူငယ်၅ဦးကို ပြီးခဲ့သည့် ဧပြီလ၂၁ရက်နေ့တွင် စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ မလွတ်လာသေးကြောင်း ဒေသခံတွေက ပြောသည်။


 ဖမ်းဆီးခံရသည့် လူငယ်၅ဦးသည် အသက်၂၀ ဝန်းကျင် အရွယ်တွေဖြစ်ပြီး ၄ဦးမှာ ရွှေကျင်းလုပ်သားများဖြစ်ကာ ကျန်တစ်ဦးမှာ ထင်းရှာသွားရင်း လမ်းတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။


"ကောင်လေး၅ယောက်လုံးက နန့်ပတဲရွာကတွေ ချည်းဘဲလို့သိရတယ်။ အဖမ်းခံရတဲ့ ၅ယောက်မှာ ၄ယောက်က ရွှေကျင်းက နေ့စားအလုပ်သမားတွေ ဟုတ်တယ်။ ကျန်တဲ့တစ်ယောက်က ထင်းရှာသွားတဲ့ လမ်းမှာဖမ်းခံရတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။


ထို့အပြင် ယင်းလူငယ်၅ဦးတို့သည် သာမန် နေ့စားအလုပ်သမားများသာ ဖြစ်ပြီး၊ စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားချိန်မှ ယနေ့အချိန်အထိ မည်သည့်သတင်းမှ မကြားရသေးကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။


“ဖမ်းခံရပြီးနောက်ပိုင်း သတင်းအစအနတောင် မကြားရတော့ဘူး။ ဘယ်စစ်တပ်ကဖမ်းပြီး ဘယ်နေရာကို ခေါ်သွားလဲဆိုတာလဲ စုံစမ်းလို့မရဘူး။ ဘယ်တပ်မှာဘဲ သွားမေးမေး မရှိဘူးချည်းဘဲ ပြောခဲ့တာ။ အခုနောက်ပိုင်း အဖမ်းခံရတဲ့သူတွေက အသက်၁၈၊၁၉၊၂၀ အရွယ်တွေချည်းဘဲ ဖြစ်နေတယ်။"


ယခုကဲသို့ လူငယ်များ ဖမ်းဆီးခံရမှုနှင့် ပတ်သတ်ပြီး မိဘပြည်သူများမှာ စိုးရိမ်ပူပန်နေကြရကြောင်း မိဘတစ်ဦးက ပါဂျောင်မီီဒယာသို့ ယခုလို ဖြေကြားခဲ့သည်။


 "ကျမတို့ရွာက လူတွေက တောထဲနဲ့ ရွှေမှော်မှာဘဲ လုပ်စားကိုင်စားနေကြရတာ။ အဲ့လိုတွေ လိုက်ဖမ်းနေတော့ သားသမီးတွေကိုလဲ စိတ်မချနဲ့ ဘယ်မှမလွတ်ရဲတော့ဘူး။ ဘယ်မှာမှ သွားမရှာစားရဲလို့ စားဖို့တောင် အဆင်မပြေဖြစ်လာပြီ။ တစ်ချို့ကလဲ ဖမ်းကာမှဖမ်းရော အငတ်တော့ မခံနိုင်ဘူးဆိုပြီး ထွက်လုပ်နေရတာ။”


ယခင်အချိန်တွင် ဖမ်းဆီးခံရသည့် လူငယ်များမှာ ငွေကြေးပေးကာ ရွေးထုတ်နိုင်သော်လည်း ယခုနောက်ပိုင်းတွင် ဖမ်းဆီးခံရသည့် လူငယ်များမှာ မည်သည့်သတင်း အစအနမှ မသိရသောကြောင့် မိဘပြည်သူများမှာ ပိုမိုစိုးရိမ်နေကြရခြင်း ဖြစ်သည်ဟု ဆိုသည်။


စစ်ကောင်စီမှ လူငယ်များအား ဖမ်းဆီးခေါ်ဆောင်နေသည်မှာ စစ်ကောင်စီ၏ စစ်မှုထမ်း လူဦးရေ မပြည့်ခြင်းကြောင့် လမ်းသွားလမ်းလာ လူငယ်များကို ပေါ်တာဆွဲနေတာ ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြပြီး၊ ပြီးခဲ့သည့် ဧပြီလ ၁၈ရက်နေ့တွင်လည်း လွဲမွန်ကျေးရွာ ဒေသခံတစ်ဦး ဖမ်းဆီးခံလိုက်ရသေးကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page