top of page

အင်းတော်ကြီးဒေသတွင် စစ်မှုထမ်းရန် လူ(၅၀၀)ပြည့်မှီအောင် လူငယ်များကို စုဆောင်းရေး ဆွဲနေ

  • Writer: Pajau Media
    Pajau Media
  • Dec 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ဒီဇင်ဘာ၊၂၀၂၄။



အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော်(SNA)မှ စစ်မှုထမ်းရန် လူငယ်အယောက်(၅၀၀) မပြည့်သေးသောကြောင့်ဟုဆိုကာ နန့်မွန်းအောင်မြေဂိတ်မှ ဖြတ်သန်းသွားလာနေသည့် လူငယ်များကို စုဆောင်းရေး ဆွဲနေသည်ဟု ဒေသခံများက ပြောသည်။


ပြီးခဲ့သည့် ဒီဇင်ဘာ၁၆ရက်နေ့တွင်လည်း ခရီးသွားကားပေါ် စီးနှင်လာသည့် အသက်၂၀အရွယ် လူငယ်တစ်ဦးကို နန့်မွန်းအောင်မြေဂိတ်တွင် ဖြတ်သန်းသွားလာချိန် ရှမ်းနီတပ်ဖွဲ့မှ စုဆောင်းရေးအတွက် ဖမ်းခေါ်ထားလိုက်သည်ဟု ဖမ်းဆီးခံရသူ လူငယ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။


"ချောင်းဝက ဆွေမျိုး နာရေးကိုသွားကြတာ ၊အဖိုးကြီး အဖွားကြီးတွေရောပါတာမို့ ကားမောင်းပေးမဲ့သူမရှိလို့ တူလေးကို ကားမောင်းခိုင်းလိုက်တာ၊ အောင်မြေဂိတ်ရောက်တော့ ငါတို့လူမပြည့်သေးဘူး အဲ့ကောင်ကို ခေါ်ထားလို့ပြောပြီး ဖမ်းခေါ်ထားလိုက်တာ” ဟု အထက်ပါပုဂ္ဂုလ်က ပြောသည်။


ဒေသခံများ ပြောပြချက်အရ ရှမ်းနီတပ်ဖွဲ့မှ ဒီဇင်ဘာလအတွင်း လူ(၅၀၀)ပြည့်အောင် စုရမည်ဖြစ်ပြီး၊ လူမပြည့်သေးခြင်းကြောင့် စုဆောင်းရေး ဆွဲရခြင်းဖြစ်ကြောင်းနှင့် လတ်တလော နန့်မွန်းအောင်မြေဂိတ်နှင့် မိုးညှင်းဒေသမှ လူငယ်များကို စုဆောင်းရေးဆွဲမှုများ မကြာခဏကြားနေရသည်ဟု သိရသည်။


ထို့အပြင် နန့်မွန်းအောင်မြေဂိတ်မှစပြီး ရှမ်းနီအလံများကို စိုက်ထူထားသည့်အပြင် “ရှမ်းနီတို့ဌာနေ ရှမ်းနီသွေးနဲ့ကာကွယ်မယ်” စသည့် စာသားပါရှိသည့် ကြွေးကြော်သံ ဗွီနှိုင်းများကိုပါ ချိတ်ဆွဲထားကြောင်း၊ နန့်မွန်းနှင့် မိုင်းနောင်ကျေးရွာအတွင်းမှ ခြံစည်းရိုးများတွင် ည၇နာရီမှ နံနက်၅နာရီအချိန်ထိ အိမ်ပြင်(လုံး၀)မထွက်ရ အမိန့်ထုတ်ပြန်ထားသည့် စာတန်းများ ချိတ်ဆွဲထားကြောင်း ထပ်မံသိရသည်။


ထို့ကြောင့် အင်းပတ်ပတ်လည်မှ ကျေးရွာပေါင်း(၁၄)ရွာတည်ရှိသည့် အင်းတော်ကြီးဒေသမှ လူငယ်များမှာ မိမိတို့ဒေသအတွင်း မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်လာသူ များပြားလာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page