အင်းတော်ကြီးဒေသတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးတစ်ဦး ဆေးကုသမှုခံယူနေစဉ်ကွယ်လွန်
- Pajau Media

- May 30, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၃၀ရက်၊မေလ၊၂၀၂၅။
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသ၊ ဟဲပါးကျေးရွာတွင် မေလ၂၄ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည့် အသက်၅၀နှစ်အရွယ် ဒေါ်တင်နုမှာ ဆေးကုသနေစဉ် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ရွာဖက်ကို စစ်တပ်က လေယာဥ်နဲ့ဗုံးလာကြဲတော့ လူငယ်တွေက အကုန်ရှောင်သွားကြပြီး၊ လူကြီးတွေက အိမ်စောင့်ကျန်နေခဲ့တာ၊ ဟိုပင်စစ်တပ်ကနေ လက်နက်ကြီးထုတော့ အိမ်ပေါ်ကျပြီး လင်မယားနှစ်ယောက်က ပွဲချင်းပြီးသေတယ်၊ ဒါဏ်ရာရတဲ့ ဒေါ်တင်နုက ငါးရက်အကြာ မြစ်ကြီးနားဆေးရုံမှာ ဆုံးတယ်။” ဟု ဟဲပါးကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ၂၄ရက်နေ့ ညနေပိုင်း၆နာရီအချိန်တွင် ခမရ(၃၈၉)တပ်မှ လက်နက်ကြီးပစ်ခတ်သောကြောင့် ဟဲပါးကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ရာ အသက်၆၂နှစ်အရွယ် ဦးချမ်းမောင်နှင့် အသက်၅၉နှစ်အရွယ် ဇနီးဒေါ်ခင်ပြုံးတို့ လင်မယားနှစ်ဦးစလုံးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ အသက်၅၀နှစ်အရွယ် ဒေါ်တင်နုမှာ ခြေနှစ်ဖက်စလုံး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
ခြေထောက်နှစ်ဖက်စလုံးနှင့် ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေါ်တင်နုမှာ ချောင်းဝဆေးရုံမှ မြစ်ကြီးနားဆေးရုံသို့ လွဲပြောင်းကုသခဲ့ရပြီး၊ ၅ရက်အကြာ ယမန်နေ့ မေလ၂၉ရက်နေ့တွင် မြစ်ကြီးနားဆေးရုံ၌ သေဆုံးသွားခဲ့ပြီဟု ဆိုသည်။
ဒေါ်တင်နုသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည့် ဦးချမ်းမောင်နှင့် မောင်နှမတော်စပ်သူ ဖြစ်သည်။
သတင်း - ကချင်ပြည်သား










Comments