top of page

အင်းတော်ကြီးဒေသတွင် အုပ်ချုပ်ရေးမှူးများမှ လမ်းပေါ်ထွက်သော လူငယ်များကိုသာ စစ်မှုထမ်းခေါ်ယူရန် ခွင့်ပြုပေးပြီးနောက် လူငယ်များကို စတင်ပေါ်တာဆွဲနေ

  • Writer: Pajau Media
    Pajau Media
  • Mar 25, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသတွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှ လမ်းပါ်ထွက်သော လူငယ်များကိုသာ စစ်မှုထမ်းခေါ်ယူရန် ခွင့်ပြုလိုက်ပြီးနောက် မင်္ဂလာဆောင်တွင် ကျွေးမွေးရန် ဝက်သွားဝယ်သော သားအဖ နှစ်ဦးနှင့်အတူ လူငယ်နှစ်ဦးကို စစ်ကောင်စီမှ မတ်လ ၂၁ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


"ကျေးရွာအုပ်စု တစ်အုပ်စုကို နှစ်ယောက်နှုန်းနဲ့ ၂၅ယောက်ပေးရမယ်ပြောတယ်၊ အသက်၃၀နဲ့၃၅နှစ်အရွယ်တွေက အိမ်ထောင်သည်တွေများတယ်၊ စားဝတ်‌နေရေး အဆင်မပြေကြတဲ့သူနဲ့ ကလေးအငယ် ရှိနေတဲ့သူနဲ့ဆိုတော့ စစ်မှုထမ်းဖို့ ဘယ်အဆင်ပြေပါ့မလဲ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကလဲ KPDFဖက်က စာထုတ်ထားတော့ မရှာပေးရဲကြဘူး၊ အဲ့ဒါကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးက အချိန်မတော်လမ်းပေါ်ထွက်တဲ့ သူသာဆွဲသွားဆိုပြီး ပြောထားတယ်"ဟု ဒေသခံပြည်သူများက ပြောသည်။


သတို့သားလောင်း အပါအဝင် အဖေဖြစ်သူနှင့်အတူ လူငယ်နှစ်ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး သုံးရက်အကြာတွင် သတို့သား၏ ဖခင်ဖြစ်သူတစ်ဦးထဲသာ လွတ်မြောက်လာသည်ဟု ဒေသခံများက ပြောသည်။



"သတို့သားကို မင်္ဂလာဆောင်ခါနီးကျရင် လွတ်ပေးမယ်လို့တော့ ပြောတာဘဲ၊ မင်္ဂလာဆောင်က ၂၅ရက်နေ့ဆောင်မှာ၊ ခုထိမလွတ်လာသေးဘူး။ သတို့သားနဲ့အတူ အဖမ်းခံလိုက်ရတဲ့ လူငယ်နှစ်ယောက်ကလည်း အသက်၃၀ကျော်အရွယ်တွေဆိုတော့ သူတို့လိုချင်တဲ့ အရွယ်ဖြစ်နေတယ်” ဟု သတို့သားနှင့် နီးစပ်သူတစ်ဦးက ယမန်နေ့က ပါဂျောင်မီဒီယာသို့ ပြောခဲ့သည်။


အင်းတော်ကြီးဒေသအပါအဝင် မိုးညှင်းမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မတ်လ ၁၇ရက်နေ့မှစ၍ စစ်ကောင်စီမှ စစ်မှုထမ်းရန် လူငယ်စာရင်း စတင်ကောက်ခံနေပြီဖြစ်ပြီး၊ အင်းတော်ကြီးဒေသ KPDF မှလည်း စစ်ကောင်စီကို ကူညီပေးနေသည့် အင်းတော်ကြီးဒေသ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများအား သတိပေးစာ ထုတ်ပြန်ထားကြောင်း သိရသည်။


အင်းတော်ကြီးဒေသမှ စစ်မှုထမ်းရန် အသက်၃၀မှ အသက်၃၅နှစ်ကြားရှိ လူငယ် ၂၅ဦးကို အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပြီးခဲ့သည့် မတ်လ ၂၀ရက်နေ့က တောင်းဆိုလာခဲ့ကြောင်း အင်းတော်ကြီးဒေသခံ ရပ်မိရပ်ဖတစ်ဦး ပြောပြချက်အရ သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page