top of page

အင်းတော်ကြီးဒေသရှိ ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီမှအခွန်တိုးကောက်

  • Writer: Pajau Media
    Pajau Media
  • Dec 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၁ရက်၊ဒီဇင်ဘာ၊၂၀၂၄။



အင်းတော်ကြီး‌ဒေသ မမုံကိုင်‌ကျေးရွာမှ ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီကအောက်တိုဘာလ မှစ၍အခွန်တိုးကောက်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။


ယခင်က ရွှေလုပ်ကွက်တစ်ကွက်လျှင် ရွှေကြမ်း တစ်ကျပ်သားနှင့်လစဉ်ကြေး(၁၅)သိန်းပေးဆောင်ပြီးလုပ်ကိုင်နေကြပေမယ့် အောက်တိုဘာလ မှစ၍ ရွှေလုပ်ကွက်တစ်ကွက်လျှင် သန့်စင်ပြီးသားရွှေ(၃)ကျပ်သားနှင့် တကျင်းသိမ်းအပြီးအစီးသိန်း(၃၀၀) တိုးကောက်နေသည့်အပြင် ဘက်ဖိုးတစ်စီးကို (၅)သိန်းထပ်မံကောက်ခံကြောင်း လုပ်ငန်းရှင်တစ်ဦးကပြောသည်။


ဟွန်ဒါစက်ဖြင့် မျှောတိုက်တူးဖော်နေသည့် အသေးစားလုပ်ငန်းရှင်များလည်း ယခင်က လစဉ်ကြေး(၅)သိန်းသာ အခွန်ဆောင်ရပေမယ့် လက်ရှိမှာ( ၁၅)သိန်းပေးဆောင်ရသည်ဟု မမုံကိုင်ရွာသားများက ပြောသည်။

မမုံကိုင်ရွာတွင် စက်ယန္တရားကြီးများနှင့် တူးဖော်နေကြသည့် ရွှေလုပ်ကွက်ပေါင်း (၂၀၀)ကျော်ရှိပြီး ဟွန်ဒါစက်နှင့်မျှောတိုက်သည့် ရွှေမျှောလုပ်ငန်းရှင်ပေါင်း(၃၀၀)ကျော်ရှိသည်။


ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင်လည်း လုပ်ငန်းရှင်တစ်ချို့က မမုံကိုင်ရွာမှ လယ်မြေတစ်ဧကကို သိန်း(၃၅၀၀)နှင့် (၁၀)ဧကဝယ်ယူခြင်းများရှိခဲ့ကြောင်း မမုံကိုင်ရွာမှ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။



မမုံကိုင်ရွာတွင် ရွှေလုပ်ငန်းရှင်များသည် ရွှေတူးဖော်ရန်အတွက် လယ်တစ်ဧကကို သိန်း(၃၅၀၀) မှ သိန်း(၅၀၀၀)အထိပေးကာ ဝယ်ယူနေသည်ဟု အထက်ပါ အမျိုးသားက ဆက်လက်ပြောသည်။


အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများနှင့် တရားမဝင်ရွှေတူးဖော်မှုများ ပိုမိုလုပ်‌ဆောင်လာကြပြီး မိုင်းနောင်ကျေးရွာမှစ၍ မမုံကိုင်‌ကျေးရွာအဆုံးထိ ရွှေလုပ်ကွက်များ တစ်ဆက်တည်း အပြိုင်အဆိုင်တူးဖော်လာကြကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page