top of page

အင်တာနက်နှင့်ဖုန်းလိုင်းများဖြတ်တောက်ထားခြင်းကြောင့် အွန်လိုင်းလုပ်ငန်းလုပ်ကိုင်သူများခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Aug 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀၊ ၈၊၂၀၂၄။



ကချင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကြောင့်အွန်လိုင်းဖြင့် အလုပ်လုပ်ကိုင်သည့် လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများအားလုံး အလုပ်လက်မဲ့ဖြစ်ကာ ဝင်ငွေမရှိ အခက်အခဲဖြစ်ကြရသည်ဟု အွန်လိုင်းသင်တန်းကျောင်းဖွင့်ထားသည့် ကျောင်းဆရာတစ်ဦးမှ ပြောသည်။


“နိုင်ငံရပ်ခြားက အလုပ်လုပ်တဲ့သူတွေကို စာသင်ပေးရတာဆိုတော့ လိုင်းမရတာနဲ့ အကုန်လုံးကို အဆက်အသွယ်မရပဲ ရပ်လိုက်ရတော့ အားလုံးအတွက် ခက်သွားတာပေါ့။ မလေးရှား၊ ထိုင်းနဲ့ တစ်ခြားနိုင်ငံရပ်ခြားက အလုပ်လုပ်တဲ့သူတွေကို အွန်လိုင်းနဲ့ အင်္ဂလိပ်စကားပြောသင်တန်းလေးတွေ သင်ပေးရတယ်။ ရုတ်တရက်ကြီး လိုင်းကပြတ်သွားတယ်လေ။” ဟု အွန်လိုင်းကျောင်းစာသင်ကျောင်း ဆရာတစ်ဦးက ပြောသည်။


ထို့အပြင် အွန်လိုင်းဈေးရောင်းသူတစ်ဦးမှလည်း “ကျမက အွန်လိုင်းဈေးရောင်းစားပြီး အဓိက ဝင်ငွေရရှိနေတာ။ အခုလို ရုတ်တရက်ကြီး လိုင်းကပြတ်ချသွားတော့ အရမ်းလည်း လန့်သွားတယ်။ အခုဆို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အလုပ်လက်မဲ့ဖြစ်နေသလိုပဲ။” ဟု မြစ်ကြီးနားမှ အွန်လိုင်းဈေးရောင်းသူတစ်ဦးက ပြောသည်။


အွန်လိုင်းဖြင့် အဓိကဝင်ငွေရရှိနေသည့် အွန်လိုင်းသင်တန်းကျောင်းများ၊ အွန်လိုင်းဈေးရောင်းသူများ၊ အွန်လိုင်းဖြင့် အလုပ်လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်နှင့် အဖွဲ့အစည်းများ စသည့်အမျိုးမျိုးသော အွန်လိုင်းဖြင့် ဝင်ငွေရရှိသည့် အလုပ်အကိုင်များအားလုံး ရပ်နားထားခဲ့ရသည်။


ထို့ကြောင့် အွန်လိုင်းဖြင့် အဓိကအလုပ် လုပ်ကိုင်နေသည့် ဒေသခံများမှာ ဝင်ငွေလက်မဲ့ဖြစ်ကာ ခက်ခဲနေကြပြီး၊ အင်တာနက်လိုင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုနေကြသလို လက်ရှိဖြစ်ပွားနေသော ဖုန်းအဆက်အသွယ်ပြတ်တောက်မှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြစ်ကြီးနားအခြေစိုက်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGOs)နှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(INGO) အများစုက အခြားသော အင်တာနက်လိုင်းရရှိသည့် နေရာဒေသသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ပြင်ဆင်နေသူများလည်း ရှိနေကြောင်း ထပ်မံသိရသည်။


ပြီးခဲ့သည့် ဇူလှိုင်၂၁ရက်နေ့ကတည်းက MPT, Atom, Ooredoo နှင့် Mytel ဖုန်းလိုင်းအပါအဝင် အင်တာနက်လိုင်းနှင့် WiFi လိုင်းများအားလုံး ပြတ်တောက်သွားခဲ့ပြီး၊ ဩဂုတ်လဆန်းပိုင်းမှစတင်ကာ MPT ဖုန်းအော်ပရောတာတစ်ခုသာ ဖုန်းအဆက်အသွယ် ရခဲ့ပေမယ့် ဩဂုတ်၆ရက်နေ့မှစပြီး Atom ဖုန်းအော်ပရေတာ ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း နေရာအကန့်အသတ်ဖြင့်သာ ဖုန်းလိုင်းများရရှိနေဆဲဖြစ်သည်၊၊


Comments


Pajau Media

Thanks for subscribing!

bottom of page