အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှုကြောင့် စစ်ရှောင်များ ငွေရေးကြေးရေး ပြသာနာဖြစ်
- Pajau Media

- Dec 4, 2023
- 1 min read
ပါဂျောင်မီဒီယာ

ချီဖွေမြို့အတွင်းရှိ စစ်ရှောင်စခန်းနှစ်ခုသည် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှုကြောင့် စစ်ရှောင်များ ကူညီထောက်ပံ့ငွေ မထုတ်ယူနိုင်သည်မှာ တစ်လကျော်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး၊ စစ်ရှောင်များ ငွေကြေးရေး အခက်အခဲ ပြသာနာ ကြုံနေရကြောင်း သိရသည်။
၄င်းစစ်ရှောင်များအား ကမ္ဘာ့ လူမှုအဖွဲ့အစည်း (World Vision) မှ ငွေရေးကြေးရေးအထောက်အပံ့ အဖြစ် လူတစ်ဦးလျှင် နှစ်သောင်းကျပ်မှ ၂သောင်းခွဲကျော်အထိ ထောက်ပံ့ပေးနေပြီး၊ လက်ရှိမှာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှု ကြောင့် ငွေမရရှိပဲ အခက်အခဲဖြစ်နေကြောင်း သိရသည်။
“ကျတော်တို့က ထောက်ပံ့ငွေကြေးနဲ့ပဲ ကလေးတွေ ပညာရေးနှင့် မိသားစု စား၀တ်နေရေး အခက်အခဲတွေကို စီမံခန့်ခွဲတာဖြစ်တယ်။ အရင်လတွေက ၂၀ရက်ရောက်ပြီဆိုရင် ထောက်ပံ့ငွေကြေး ရပြီ။ အခုက လိုင်းမရတော့ ဘာတစ်ခုမှ မထုတ်ယူနိုင်ဘူး။ အချိန်ကြာလာရင် ဘယ်လိုဖြစ်လာမယ်ဆိုတာကို စိုးရိမ်နေမိတယ်။” ဟု အင်တာနက်လိုင်း မရရှိသောကြောင့် ထောက်ပံ့ငွေကြေး မရရှိတာ တစ်လကျော်ကြာမြင့်လာပြီဖြစ်ကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။
ကမ္ဘာ့လူမှုအဖွဲ့အစည်း (Word Vission) မှ ထောက်ပံ့သော ငွေကြေးမှာ လတစ်လ၏ ၂၀ရက်နေ့ရောက်လျှင် အွန်လိုင်းမှ ငွေပေးချေစနစ်ဖြင့် ကူညီထောက်ပံ့နေကြောင်း သိရသည်။ထို့ကြောင့် စစ်ရှောင်များမှာ လက်ရှိ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှုကြောင့် ထောက်ပံ့ငွေ မရရှိဘဲ ငွေကြေးအကြပ်အတည်း ဖြစ်နေရခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်ရှောင်စခန်းနှစ်ခုပေါင်း လူဦးရေ ၁၅၀၀နီးပါး နေထိုင်သော ချီဖွေဒေသရှိ ယင်းစစ်ရှောင်စခန်းနှစ်ခုမှာ နိုင်ငံရေး အကြပ်အတည်းနှင့် မငြိမ်မသက်မှုများကြောင့် လူမှုအဖွဲ့အစည်းမှ ကူညီအထောက်အပံ့များ ရုတ်သိမ်းသွားသော်လည်း လက်ရှိမှာ ကမ္ဘာ့လူမှုအဖွဲ့အစည်း (World Vision)တစ်ခုသာ ကူညီထောက်ပံ့ပေးနေသည်ဟု ဆိုသည်။
ကချင်ပြည်နယ်အတွင်း နို၀င်ဘာ ၇ရက်နေ့မှစတင်ကာ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း နှင့် ချီဖွေ စသည့် ဒေသများအတွင်း MPT၊ Mytel၊ Ooredoo ဆင်းကဒ်များ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး၊ ချီဖွေဒေသမှာ ဖုန်းခေါ်ဆိုမှုအတွက်ပင် အနည်းငယ် အဆင်ပြေနေသော်လည်း၊ အင်တာနက်လိုင်းမှာ ယနေ့အထိ ဖြတ်တောက်ထားဆဲဖြစ်သောကြောင့် မည်သည့်ဆင်းကဒ်မှ အသုံးမပြုနိုင်ဘူးဟု ဆိုထားပါသည်။




Comments