top of page

အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် မြို့နယ်တစ်ချို့ ယနေ့အထိ ဖြတ်တောက်ထားဆဲ

  • Writer: Pajau Media
    Pajau Media
  • Nov 18, 2023
  • 1 min read

Updated: Jan 13, 2024

ပါဂျောင်မီဒီယာ



မြစ်ကြီးနားမြို့ အပါအ၀င် ကချင်ပြည်နယ် ရှိ မြို့နယ် အချို့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး၊ ယနေ့ နို၀င်ဘာ၁၈ရက်အထိ တစ်ပတ်ကျော်ကြာမြင့် လာသော်လည်း ပြန်လည်ဖွင့်လှစ် ပေးခြင်းမရှိဘဲ၊ ဆက်လက်ဖြတ်တောက်ခံထားရဆဲ ဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံများထံမှ သိရသည်။


နို၀င်ဘာ ၇ရက်နေ့မှစတင်ကာ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း နှင့် ချီဖွေ စသည့် ဒေသများအတွင်း MPT၊ Mytel၊ Oredoo ဆင်းကဒ်များ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး၊ အက်တမ် ဆင်းကဒ်တစ်ခုသာ အနည်းငယ် အဆင်ပြေနေသည်ဟု ဆိုသည်။


“မြစ်ကြီးနားမြို့ခံတွေက တယ်လီနော ဆင်းကဒ်က အင်တာနက်လိုင်း နည်းနည်း အဆင်ပြေနေတော့ အလုအယက် ၀ယ်ယူနေကြတာပဲ။ တစ်ချို့ဆိုင်ဆို အရင်က ထောင်ကျော်နဲ့ ရောင်းတဲ့ ဆင်းကဒ်ကို ရှေ့ရက်တွေမှာ ကိုးထောင်၊ တစ်သောင်းကျော်၊ တစ်ချို့ဆို နှစ်သောင်းကျော်နဲ့ ရောင်းပေးနေကြတယ်။ ခုရက်နောက်ပိုင်းတော့ စျေး နည်းနည်းပြန်ကျလာပြီ။"ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


အက်တမ် တစ်ခုသာ အင်တာနက်လိုင်း အနည်းငယ်အဆင်ပြေနေပြီး အခြားသော ဆင်းကဒ်များမှာ ဖုန်း ခေ်ဆိုမှု အတွက်သည်ပင် ဖုန်းလိုင်းအဆင်မပြေမှုများ ရှိနေကြောင်း သိရသည်။


လက်ရှိ ၀ိုင်းမော်မြို့အတွင်း ရောက်ရှိနေသော နောက်ထပ် ချီဖွေဒေသခံ အမျိုးသားတစ်ဦးက

“ကျွန်တော်တို့ ချီဖွေဒေသဘက်ဆို အင်တာနက်လိုင်း၊ ဖုန်းလိုင်း လုံး၀ မရတော့တာ အခုထိပဲ။ ကျတော်က အခု ၀ိုင်းမော် ရောက်နေလို့သာ ဖုန်းလိုင်းတော့ အဆင်ပြေနေတယ်” ဟု ပြောသည်။


လက်ရှိ ဒေသခံများမှာ မြောက်ပိုင်း မဟာမိတ်ညီနှောင် ၃ဖွဲ့၏ ၁၀၂၇ စစ်ရေးလှုပ်ရှားလာမှုနဲ့အတူ စစ်ကောင်စီ၏ ရုတ်တရက် အင်တာနက်လိုင်းများ ဖြတ်တောက်လာခြင်းကြောင့် စိုးရိမ်ပူပန်မှုများ ရှိနေပြီး၊ အွန်လိုင်းနှင့် အလုပ်လုပ်ကိုင်သော လုပ်ငန်းများအနေနဲ့လည်း အချိန်ကြာြမင့်လာသည်နှင့်အမျှ လုပ်ငန်းအဆင်မပြေမှုများ ရှိလာသည်ဟု ဆိုသည်။


ယခုကဲ့သို့ အင်တာနက်လိုင်း ဖြတ်တောက်လာရခြင်းမှာ နို၀င်ဘာ ၆ရက်နေ့၌ ကောလင်းမြို့အား ကချင်လွှတ်မြှောက်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်အပြီး ကသာ၊ထီးချိုင့်ဒေသသို့ စစ်ရေးတင်းမာနေခြင်းကြောင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရခြင်း ဖြစ်သည်ဟု မြစ်ကြီးနားမြို့ခံ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုထားသည်။


ညီနောင် ၃ ဖွဲ့၏ အောက်တိုဘာ ၂၇ရက်နေ့၌ စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးသည် ဒီကနေ့ဆိုလျှင် ရက်ပေါင်း ၂၃ရက် ရှိလာပြီး၊ ကချင်လွှတ်မြှောက်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများလည်း ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page