အစားအသောက် ပြတ်လတ်မှုကြောင့် ဗန်းမော်အကျဉ်းသား(၇၀၀)နီးပါးအတွက် မိသားစုဝင်များ စိုးရိမ်နေ
- Pajau Media

- Jun 19, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၉ရက်၊ဇွန်လ၊၂၀၂၅။

KIA၏ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေသော ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ အကျဉ်းထောင်မှ ထောင်သားများမှာ အစားအသောက် ပြတ်လတ်ကာ ပြောင်းနှင့်ငှက်ပျောကိုသာ နေ့စဉ်ထမင်းအဖြစ် စားသုံးနေရပြီး၊ မိသားစုထံ အကူအညီတောင်းခံလာသောကြောင့် မိသားစုဝင်များ စိုးရိမ်နေကြရသည်ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။
“သူတို့ထောင်သားတွေက ဆန်မရှိတော့လို့ ပြောင်းနဲ့ငှက်ပျောကိုပဲ စားသုံးနေရတယ်တဲ့။ တစ်ချို့ငွေရှိတဲ့သူတွေက စစ်သားမိန်းမတွေ တစ်ပြည်(၃၀၀၀၀)ကျပ်နဲ့ လာရောင်းပေးကြတဲ့ချိန် ဝယ်စားကြတယ်တဲ့။ အဲ့တာကြောင့် သူတို့ဆန်ဝယ်စားဖို့ ငွေနှစ်သိန်းလောက် ကူညီပေးဖို့ ဖုန်းနဲ့ဆက်သွယ်လာတယ်။ သူတို့ကို ပြောင်းနဲ့ ငှက်ပျောပဲ ကြွေးကြတယ်လို့ ပြောတယ်။” ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောပြသည်။
လက်ရှိ ဗန်းမော်အကျဉ်းထောင်အတွင်း အကျဉ်းသား(၇၀၀)နီးပါး ရှိနေကြောင်း၊ စစ်တပ်က ထောင်သားများအား တိုက်ပွဲအတွင်း လက်နက်ကိုင် ဝင်ရောက်တိုက်ပေး(စစ်သားလုပ်)ရန် ပြောဆိုလာသော်လည်း ထောင်သားအားလုံး သဘောတူ ငြင်းဆိုထားကြောင်းနှင့် ထောင်သားအများစုမှာ ကချင်လူမျိုးများသာဖြစ်ကာ မိသားစုနှင့် အဆက်အသွယ်မရကြကြောင်း သိရသည်။
“သူတို့ကို စစ်သားလုပ်ဖို့ ပြောဆိုလာတယ်။ ဒါပေမဲ့ သူတို့က အားလုံးသဘောတူပြီး ကျနော်တို့က စစ်သားမလုပ်ပါဘူးလို့ ငြင်းဆိုထားတယ်တဲ့။ အဲ့ကြောင့် တမင်ထမင်း မကျွေးတာလဲ ဖြစ်နိုင်တယ်။ ပြီးတော့ သူတို့မှာ အစားအသောက်ပြတ်လို့ စစ်တပ်က မကျွေးတာလဲ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အပြင်ကနေ ဘာမှ မလုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်ပြီး၊ စိုးရိမ်ပေးနေရတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ၆လကျော်ကြာမြင့်လာသည်ဖြစ်၍ တိုက်ပွဲကာလကြာလာသည်နှင့်အမျှ အကျဉ်းထောင်အတွင်း အစားအသောက် ပြတ်လတ်လာခြင်း ဖြစ်နိုင်သည်ဟုလည်း မိသားစုဝင်များက သုံးသပ်ပြောဆိုကြသည်။
“ဖုန်းနဲ့အဆက်အသွယ်လုပ်လာတော့ အရမ်းကို ပျော်မိတယ်။ ဒါပေမဲ့ သူတို့က ထမင်းမစားရဘူးလို့ ပြောတော့ စိတ်မကောင်းဖြစ်ရတယ်။ အရမ်းလည်း သနားတယ်။ ဘယ်လိုမှ သွားကူညီလို့မရတဲ့ အခြေအနေလဲ ဖြစ်နေတော့ အရမ်းစိုးရိမ်နေရတယ်။” ဟု ပြောသည်။
ဗန်းမော်အကျဉ်းထောင်မှာ နှောင်ခိုရပ်ကွက်က လက်ရှိ တိုက်ပွဲဆင်နွဲနေသော စကခ(၂၁)စစ်တပ်ဝန်းအတွင်း တည်ရှိနေပြီး၊ နေ့စဉ်KIAပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေသောကြောင့်လည်း မိသားစုဝင်များက စိုးရိမ်နေကြရသည်။
ထို့အပြင် အကျဉ်းသားများနှင့် ထောင်ဝင်စာပို့ခွင့်မရှိဘဲ အဆက်အသွယ်မရခဲ့တာ ကြာပြီဖြစ်သလို၊ တိုက်ပွဲပြင်းထန်နေခြင်းကြောင့်နှင့် ထမင်းမစားရသည်ကို ကြားရသောကြောင့် အသက်အန္တရာယ် စိုးရိမ်နေကြရသည်ဟု မိသားစုဝင်များက ပြောသည်။
သတင်း - ဇော်မိုင်




Comments