အမျိုးသမီးလူ့အခွင့်အရေးချိုးဖောက်ခံရမှုစိုးရိမ်ရေအမှတ်ထိမြှင့်တက်လာသော ကချင်ပြည်နယ်
- Pajau Media

- Mar 11, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၀ရက်၊မတ်လ၊၂၀၂၅။

ကချင်ပြည်နယ်တွင် အမျိုးသမီးနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုသည် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနှင့်နှိုင်းယှဉ်လျှင် စိုးရိမ်ရေအမှတ်သို့ရောက်ရှိနေကြောင်းကို Kachin Human Right Watch-KHRW ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများတစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး ၂၀၂၅ခုနှစ် ဖေဖဝါရီလမှ မတ်လ ၈ရက်နေ့အတွင်း ကချင်ပြည်နယ်တွင် အမည်မသိသော အဖွဲ့တစ်ဖွဲ့မှ သတ်ဖြတ်ခံရသော အမျိုးသမီးများလည်း ပိုမိုများလာသည်ဟု ဆိုသည်။
ကချင်ပြည်နယ်တွင် အမျိုးသမီး သတ်ဖြတ်ခံရမှု အများဆုံးနေရာဒေသမှာ မြစ်ကြီးနားမြို့တွင် ဖြစ်ပွားနေပြီး ဝိုင်းမော်မြို့နှင့် လှိုင်ဇာမြို့တွင်လည်း အကြမ်းဖက် သတ်ဖြတ်ခံရမှုများ ရှိနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၄ရက်နေ့က နေအိမ်တစ်အိမ်တွင် ပြည်သူတစ်ဦး သတ်ဖြတ်ခံထားရပြီး၊ ၁၇ရက်နေ့တွင်လည်း ရှမ်းစုတောင်ရပ်ကွက် ကွန်ပျူတာတက္ကသိုလ်နား ဆိုင်ကယ်လုယက်ခံရမှုကြောင့် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံခဲ့ရကာ၊ ၂၂ရက်နေ့က ကချင်လွှတ်လပ်ရေးအဖွဲ့ KIOဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျေယာန်စစ်ရှောင်စခန်းမှ အမျိုးသမီးငယ် သုံးဦး ပြန်ပေးဆွဲခံခဲ့ရသည့်အပြင် ၂၆ရက်နေ့မှာ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ထို့အပြင် မတ်လဆန်းတစ်ရက်နေ့တွင်လည်း စီတာပူရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ဓားခုတ်သတ်ဖြတ်ခံခဲ့ရခြင်း၊ ၄ရက်နေ့တွင် အင်ဂျန်ဒုံရပ်ကွက် အမှတ်(၆) ကျောင်းရှေ့ရှိ အမှိုက်ပုံနေရာတွင် မိခင်အမျိုးသမီးတစ်ဦး မတရားသတ်ဖြတ်ခံခဲ့ရခြင်းနှင့် ၅ရက်နေ့တွင် ဝိုင်းမော်-အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီးတစ်ဦး ထပ်မံသတ်ဖြတ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ လူသတ်ဖြတ်မှု အုပ်စုထဲတွင် မည်သူပါဝင်ကြောင်းနှင့် မည်သူကစေခိုင်းကြောင်းကို ယနေ့အချိန်ထိ မသိရှိရသေးသောကြောင့် တာဝန်ခံကင်းမဲ့မှုနှင့် အမျိုးသမီးများ၏ လုံခြုံရေးကို ခြိမ်းခြောက်မှုများလည်း ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ရှိ အမျိုးသမီးများ၏ လုံခြုံမှုအခြေအနေအပေါ် တုံ့ ပြန်မှုမှာလည်း အကာအကွယ်ကင်းမဲ့ကာ ဆိုးရွားနေကြောင်းကို မီးမောင်းထိုးပြနေသဖြင့် လက်ရှိဖြစ်ပေါ်နေသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှုများကို ချက်ချင်းအရေးယူ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
သတင်း - ဖရိန်း




Comments