top of page

အမည်မသိလက်နက်ကိုင် အဖွဲ့အစည်းမှ ဘာသာရေး ဆရာ ခွန်ဂျော်လီကို လုပ်ကြံသတ်ဖြတ်ခြင်းအပေါ် KHRWမှ သဘောထားထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Mar 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်။မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ နမ္မတီးမြို့ လမ်းခွကျေးရွာမှ ဘာသာရေးဆရာ ဦးခွန်ဂျော်လီကို ယနေ ညနေပိုင်း ၂နာရီအချိန်ခန့်တွင် နေအိမ်အတွင်းနေထိုင်စဉ် အမည်မသိ လူတစ်စုမှ လုပ်ကြံသတ်ဖြတ်ခြင်းအပေါ် Kachin Human Rights Watch (KHRW) မှလည်း သဘောထားထုတ်ပြန်ခဲ့သည်။


“ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် ဘာသာရေးဆရာ ခွန်ဂျော်လီကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် လုပ်ကြံသတ်ပစ်ခဲ့သည်။ ဆရာခွန်ဂျော်လီသည် နမ္မတီးနှစ်ခြင်းအသင်းတော် (KBC)တွင် တာဝန်ထမ်းဆောင်နေပါသည်။ ထို့အပြင် နမ္မတီးမြို့၏ ကချင်လူငယ်ခေါင်းဆောင် လူ့အခွင့်အရေးတွင် တက်ကြွလှုပ်ရှားသူဖြစ်ပါသည်။ ဆရာခွန်ဂျော်လီ သေဆုံးမှုအပေါ် မိမိတို့အဖွဲ့အစည်းမှ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲမိပါသည်။” ဟု (KHRW) မှ သဘောထားထုတ်ပြန်ခဲ့သည်။


ဆရာခွန်ဂျော်လီသည် နေအိမ်အတွင်း နေထိုင်စဉ် အမည်မသိ လူသုံးဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ ဦးခွန်ဂျော်လီကို သေနတ်ဖြင့် ၅ချက်ထက်မနည်း အနီးကတ် လာရောက်ပစ်ခတ်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


သေဆုံးသူဘာသာရေးဆရာသည် အသက်၄၅နှစ်အရွယ်ရှိ ကလေး၅ဦး ဖခင်တစ်ဦးဖြစ်သည့်အပြင် အသင်းတော်လုပ်ငန်းနှင့် ကချင်နှစ်ခြင်းအသင်းတော် (KBC)၏ လူငယ်ခေါင်းဆောင်ဟောင်းတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။


ဒေသခံများမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်သူများမှာ မည်သည့်အဖွဲ့အစည်းမှ ဖြစ်သည်ကို မသိရသေးသည့်အပြင် မည်သည့်အကြောင်းရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကိုလည်း မသိရှိရသေးကြောင်း ဆိုသည်။


ဦးခွန်ဂျော်လီသည် နမ္မတီးကချင်နှစ်ခြင်းခရစ်ယန်အသင်းတော်မှ အမှုတော်ဆောင်ဟောင်းတစ်ဦး ဖြစ်သည့်အပြင် လူထုအခြေပြု မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ နှင့် ရပ်ရွာအကျိုးလှုပ်ရှားရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်နေသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page