top of page

ဦးတန်ဂူးတန်၏ပြည်သူ့စစ်တပ်ဖွဲ့များ နေရာယူထားသည့် လန်ဆယ်ဒေသကို KIAပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်

  • Writer: Pajau Media
    Pajau Media
  • Nov 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၁ရက်၊နိုဝင်ဘာ၊၂၀၂၄။



ဦးတန်ဂူးတန်၏ပြည်သူ့စစ်တပ်ဖွဲ့များ နေရာယူထားသည့် တရုတ်နယ်စပ်မှ လန်ဆယ်ပြည်သူ့စစ်ဒေသကို နိုဝင်ဘာ ၁၀ရက်နေ့ KIA ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်လာချိန်တွင် ပြည်သူ့စစ်တပ်ဖွဲ့များ ဆုတ်ခွာသွားခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ သိမ်းယူလိုက်နိုင်ပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေပြီဖြစ်ကြောင်း KIOပြန်ကြားရေးတာဝန်ခံ ဗိုလ်မူးနော်ဘူကအတည်ပြုပြောဆိုထားသည်။


လန်ဆယ်ဒေသသည် ရွှေအထွက်များသည့် နေရာအဖြစ် ကျော်ကြားသည့် ဒေသဖြစ်သည့်အပြင် ပူတာအိုဒေသမှ လူငယ်လူရွယ် အတော်များများ ရွှေတူးဖော် ရှားစားသည့်နေရာလည်း ဖြစ်ကြောင်း သိရသည်။




ထို့အပြင် ပူတာအိုဒေသမှ နယ်ခြားစောင့်တပ်ဖြစ်သည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးတန်ဂူးတန်က လန်ဆယ်ဒေသကို လုံခြုံရေးတင်းကြပ်ရန် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စာဖြင့်ထုတ်ပြန်ချက် ထုတ်ဝေခဲ့ပြီးနောက် တစ်လအကြာတွင် KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။


လန်ဆယ်ဒေသသည် ကချင်အထူးဒေသ(၁)မှ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းတပ်ဖွဲ့နှင့် ခေါင်လန်ဖူးအခြေစိုက် ဦးတန်ဂူးတန်‌ပြည်သူ့စစ်တပ်ဖွဲ့များ ပူးပေါင်းနေရာယူထားသည့် ဒေသဖြစ်ကြောင်းလည်း ထပ်မံသိရသည်။


လက်ရှိမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ဖွဲ့က နယ်စပ်ဒေသ အားလုံးနီးပါး (၉၀%)ကိုသိမ်းယူထားပြီးဖြစ်ပြီး၊ ကံပိုင်တည်ဒေသတစ်ခုကိုသာ သိမ်းပိုက်ရန်ကျန်ရှိနေကြောင်းသိရသည်။


KIA ပူးပေါင်းတပ်ဖွဲ့များက နယ်စပ်ဒေသအတွင်း အဆက်မပြတ်ထိုးစစ်ဆင် သိမ်းပိုက်လာချိန် နယ်ခြားစောင့်တပ် ပြည်သူ့စစ်တပ်ဖွဲ့အချို့မှာ လက်နက်ချ အလင်းဝင်ပူးပေါင်းသူများလည်း ရှိလာခဲ့ပြီး၊ နိုဝင်ဘာ၄ရက်နေ့တွင်လည်း ပြည်သူ့စစ် တစ်ရာကျော်က လက်နက်ချခဲ့သောကြောင့် ကန့်ဖန့်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ သိမ်းယူထားခဲ့သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page