ဦးရွှေမင်းပြည်သူ့စစ်များ၏ ပြည်သူ့စစ် စစ်သားစုဆောင်းရာတွင် အသက်မပြည့်သူများနှင့် မသန်စွမ်းသူများ ပါဝင်
- Pajau Media

- Jan 17, 2024
- 1 min read
Updated: Jan 18, 2024
ပါဂျောင်မီဒီယာ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ ဦးရွှေမင်း(ဒူးလေးပါတီ) ဦးဆောင်သော ပြည်သူ့စစ် အဖွဲ့အစည်းများမှ ဝိုင်းမော်မြို့အတွင်းရှိ လီဆူပြည်သူများကို အတင်းအဓမ္မ အင်အားစုဆောင်းဖမ်းဆီးမှုများ ယခင်ထက်ပိုမို လုပ်ဆောင်လာသည်ဟု လီဆူပြည်သူများ ပြောပြချက်အရ သိရသည်။
ပြည်သူ့စစ်တပ်များမှာ ယခင်နှစ်ကထက် ပိုမိုတင်းကြပ်သော နည်းလမ်းဖြင့် လူငယ်များ အပါအဝင် အသက်မပြည့်သေးသူများ၊ မသန်စွမ်းသူများနှင့် အသက် (၅၀) အရွယ် လူကြီးပါမကျန် အင်အားစုဆောင်းနေကြသည်ဟု လီဆူပြည်သူများမှ ပြောသည်။
ဇန္နဝါရီလ ၁၅ရက် နေ့လည် ၁၁နာရီလောက်၌ ဝါညား(လီဆူတိုင်းရင်းဆေး) ဆရာ၏ တူအသက်၁၅နှစ်အရွယ်နှင့်အတူ နောက်ဖေးအိမ်မှ မသန်စွမ်းနှစ်ဦးကိုလည်း ကားဖြင့် အိမ်တိုင်ရာရောက် လာရောက်ဖမ်းဆီးသွားကြောင်း မျက်မြင်သက်သေများထံမှ သိရသည်။
“ကလေးလူကြီး မသန်စွမ်း ဘာမှ မကျန်ဘူး။ ကားနဲ့လာတယ်၊ အိမ်တိုင်ရာရောက် လာဖမ်းတယ်ကလေးသူငယ်နဲ့ သက်ကြီးဘိုးဘွားတွေကို ဓါးစာခံအနေနဲ့ ဖမ်းပြီး ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေနဲ့ လာလဲခိုင်းတယ်။” ဟု ပြောသည်။
ဖမ်းဆီးခံရသောသူများမှာ အသက်၁၅နှစ်အရွယ် ကလေးနှင့် အသက်(၅၀)နားနီးအရွယ် နားမကြားသူ ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ အသက် (၄၀)ကျော် မျက်လုံးတစ်ဖက် မမြင်ရသည့် လူကြီးများ ဖြစ်ကြကြောင်း သိရသည်။
ယခုနှစ် နှစ်ဆန်းမှ စ၍ ဦးရွှေမင်း ဦးဆောင်သော ပြည်သူ့စစ်များမှာ ယခင်နှစ်ထက် ထူးခြားသည့် လုပ်ဆောင်ချက်မျိုးနှင့် လိုက်လံဖမ်းဆီး အင်အားစုဆောင်းနေခြင်း ပြုလုပ်နေသည့်အပြင်၊ ဖမ်းဆီးရမိသည့် အသက်မပြည့်သေးသော ကလေးများနှင့် မသန်စွမ်းသူများကို မိသားစုမှ အသက်ပြည့်ပြီး ကျန်းမာသောသူ တစ်ဦးဦးနှင့် လှဲလှယ်ပေးမှသာလျှင် ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်ဟု ဒေသခံများက ပြောသည်။
ဦးရွှေမင်း၏ လုပ်ရပ်အား မထောက်ခံသည့် လီဆူပြည်သူများမှာ အင်အားစုဆောင်း ဖမ်းဆီးမှုကို မလိုလားသည့်အပြင် ရှောင်ရှားနိုင်ရန်လည်း ခက်ခဲနေကြောင်း အမည်မဖော်လိုသော ပုဂ္ဂိုလ်တစ်ဦးမှ ပါဂျောင်မီဒီယာသို့ ယခုလို ပြောသည်။
“သူတို့ဆီမှာ လီဆူအိမ်တိုင်းရဲ့ အိမ်ထောင်စုနဲ့ လူဦးရေစာရင်းအားလုံး ရှိတယ်။ဦးရွှေမင်းက လီဆူရေးရာဝန်ကြီး အဖြစ်လည်း အရွေးခံရတော့ သူက လီဆူအားလုံးကို ကိုယ်စားပြုတယ်လို့ ပြောတယ်၊ သူ့ရဲ့လီဆူပြည်သူ့စစ်ထဲမှာ တစ်အိမ်တစ်ယောက် မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး စာထုတ် လိုက်ဖမ်းတော့ ဘယ်သူမှဘာမှ မပြောနိုင်ဘူး အဖမ်းမခံရအောင် ကြိုးစားရှောင်နေရတယ်” ဟု သူက ပြောသည်။
ထို့အပြင် အောင်မြေ (၁) ခါးရှိ သာဂရကျေးရွာရှိ လီဆူပြည်သူများကို နေရပ်စွန့်ခွာ ထွက်ပြေးမှုများ မရှိစေရန် အောင်မြေ (၁) ဂိတ်စခန်းနှင့် ရွာဝင်၊ရွာထွက်လမ်းများတွင် စစ်ဆေးမှုများ မကြာခဏ ပြုလုပ်နေသည်ဟု ရွာသားများ ပြောပြချက်အရ သိရသည်။
ဦးရွှေမင်း(ခ) ဆီဖာလာလူးမှ ဦးဆောင်သော ပြည်သူ့စစ်များသည် အောက်တိုဘာ ၃၀ရက်နေ့၌ လီဆူလူမျိုးတိုင်း တစ်အိမ်တစ်ယောက် စစ်သားမလုပ်မနေရ ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့သော်လည်း ယင်းထုတ်ပြန်ချက်အား မလိုလားသည့် ဝိုင်းမော်မြို့အတွင်းရှိ လီဆူလူငယ်များနှင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသော လီဆူလူငယ်များမှလည်း ဒီဇင်ဘာလ(၃)ရက်နေ့၌ ဦးရွှေမင်းပြည်သူ့စစ်ခေါင်းဆောင်၏ ထုတ်ပြန်ချက်ကို ကန့်ကွက်သည့် ထုတ်ပြန်ချက်စာတစ်စောင် ထုတ်ပြန်ခဲ့သေးသည်။
သတင်း - လေပြေ
Photo credit




Comments