top of page

(၂)လကျော်ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးKIA ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောက်စီတပ်စခန်းအများစုအား သိမ်းပိုက်ရရှိထား

  • Writer: Pajau Media
    Pajau Media
  • Feb 5, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



ကချင်ပြည်နယ်၊ ဗန်းမော်ဒေသ ထိတွေ့တိုက်ပွဲတွင် စကစ(၂၁)တပ်နှင့် ကျန်ရှိနေသေးသော တပ်စခန်းများကို KIAပူးပေါင်းတပ်ဖွဲ့များ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး၊ အဆိုပါတိုက်ပွဲမှာ ယနေ့ ဖေဖော်ဝါရီ ၅ရက်နေ့တွင် ၂လတိတိ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ၄ရက်နေ့ကတည်းက စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIAပူးပေါင်းတပ်ဖွဲ့များမှာ ဗန်းမော်မြို့တွင်းရှိ တပ်စခန်းများဖြစ်သည့် အမှတ်(၇၀၀၆) သံချပ်ကာတပ်ရင်းအား ဇန္နဝါရီ၂၄ရက်နေ့တွင် အပြီးသတ်သိမ်းဆည်းရရှိခဲ့ပြီး၊ ယခုဖေဖော်ဝါရီ ၂ရက်နေ့မှာတော့ အမှတ်(၃၆၆)အမြောက်တပ်အား သိမ်းပိုက်ရရှိခဲ့သည်။


ယနေ့ ဖေဖော်ဝါရီ ၅ရက်နေ့တွင်လည်း အမှတ်(၂၃၆)တပ်စခန်းနှင့် စကစ(၂၁)တပ်စခန်းတို့ကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး၊ စစ်ကောင်စီဘက်မှလည်း လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများ အသုံးပြုကာ ခုခံတိုက်ခိုက်နေသည်ဟု ဆိုသည်။ အလားတူ တပ်မ(၈၈)တပ်စွဲထားသော ဗန်းမော်တက္ကသိုလ်နှင့် ခလရ ၄၇တပ်စခန်း၊ အမှတ်(၆၄၁)တပ်စခန်းတို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ပြင်းထန်နေကြောင်း သိရသည်။




နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်အလျောက် စစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ နောင်ခို၊ ရွှေကျီးနား၊ နမ့်ဖား၊ ပင်စင်ကုန်းနှင့် ဗန်းမော်တက္ကသိုလ်နားများတွင် အများဆုံး လာရောက်ပစ်ခတ်လေ့ရှိကြောင်း သိရသည်။


ထို့ကြောင့် ထိတွေ့တိုက်ပွဲ နှစ်လအတွင်း ဗန်းမော်စစ်ပြေးရှောင်များ အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ အကူအညီနှင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်းနှင့် စစ်ရှောင်များ တိမ်းရှောင်ထားသည့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီး၊ မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။


ဗန်းမော်တိုက်ပွဲတွင် ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)၊ ရခိုင်တပ်တော်(AA)၊ ကျောင်းသားတပ်မတော်(ABSDF) နှင့်အတူ ကချင်ပြည်သူ့ကာကွယ်ရေးတပ်(KPDF)များ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသအတွင်းအခြေအနေများ တင်ဆက်ပေးနေသည့် Banmaw Scout Team ထုတ်ပြန်ချက်မှ သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page