top of page

၂၀၂၄ခုနှစ်အတွင်း KIAနှင့်ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီစခန်း(၉၀)နီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

  • Writer: Pajau Media
    Pajau Media
  • Jan 8, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၈ရက်၊ဇန္နဝါရီ၊၂၀၂၅။




၂၀၂၄ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ထိုးစစ်ဆင်တိုက်ပွဲများကြောင့် မြို့ကြီးများအပြင် ကချင်ပြည်နယ်အတွင်း နှစ်ရှည်အခြေစိုက် နေထိုင်ခဲ့သည့်စစ်ကောင်စီတပ်စခန်း (၉၀)နီးပါးကို ကချင်လွှတ်လပ်ရေးတပ်(KIA)နှင့်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။


ကချင်လွှတ်လပ်ရေးတပ်(KIA) ပိုင်နက်ဖြစ်သည့် တပ်မဟာဒေသ တော်တော်များများတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၂၀၂၄ခုနှစ်အတွင်း KIAအမှတ်(၁)တပ်မဟာဒေသတွင် အင်ဂျန်းယန်မြို့နှင့် ဆွမ်ပရာဘွမ်မြို့ အပါအဝင် စစ်ကောင်စီတပ် အခြေစိုက်စခန်း(၉)ခုအထိ သိမ်းပိုက်ရရှိထားသည်။


KIAအမှတ်(၂)တပ်မဟာဒေသတွင် အခြေစိုက်နေထိုင်သည့် စစ်တပ်စခန်း(၅)နေရာ၊ အမှတ်(၃)တပ်မဟာဒေသတွင် အခြေစိုက်သည့် စစ်တပ်စခန်း(၃၆)နေရာ၊ ရှမ်းမြောက်ဒေသရှိတပ်စခန်း(၈)နေရာ၊ အမှတ်(၅)တပ်မဟာဒေသတွင် (၁၄)နေရာနှင့် အမှတ်(၇)တပ်မဟာဒေသတွင် ချီဖွေ၊ ဆော့လော၊ ပန်ဝါ၊ လဂွေတောင်၊ ဖီမှော်၊ ဂလန်၊ကမ်ဖန့် စသည့် နေရာများတွင် မြို့အပါအဝင် စစ်တပ်စခန်းအားလုံး KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။


ထို့အပြင် အမှတ်(၈)တပ်မဟာဒေသတွင် ဆင်ဘိုမြို့ကိုလည်း သိမ်းပိုက်ရရှိထားပြီး၊ စစ်ကိုင်းအစပ် ရထားလမ်းတစ်လျှောက်မှ စစ်ကောင်စီတပ်စခန်း အများစုနှင့် အမှတ်(၉)တပ်မဟာဒေသတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်း (၁၁)နေရာကိုပါ KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။


၂၀၂၄ခုနှစ်အတွင်း KIAတပ်မဟာဒေသ နေရာအများစုတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ မြို့အပါအဝင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်း အားလုံးပေါင်း(၉၀)နီးပါးကို KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားကြောင်း သိရသည်။


တိုက်ပွဲများအတွင်း KIAအပြင် ကချင်ပြည်သူ့ကာကွယ်ရေးတပ်(KPDF)၊ အာရက္ခတပ်တော် (AA)၊ ဂေါ်ရခါးတပ် (KGF) တပ်ပေါင်းစုများမှ မဟာမိတ်တိုက်ပွဲဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။


Kachin Human Right Watch-KHRW ၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် တစ်နှစ်တာအတွင်း လေကြောင်းနှင့်လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ(၁၄၂)ဦး အသက်သေဆုံးခဲ့ပြီး၊ (၁၆၇)ဦးထိခိုက်ဒဏ်ရာ ရရှိကာ၊ စစ်တပ်၏ မတရားဖမ်းဆီးခံရသူ (၂၁၉)ဦးရှိကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page