၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်လိုသည့်ပါတီများကို မေလ(၉)ရက်နေ့နောက်ဆုံးထား၍စာရင်းသွင်းမှတ်ပုံတင်ရန် စစ်ကောင်စီမှထုတ်ပြန်
- Pajau Media
- May 7
- 1 min read
ပါဂျောင်မီဒီယာ။
၇ရက်၊မေလ၊၂၀၂၅။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးအရှိန်ပြင်းထန်နေချိန်ဖြစ်သော်လည်း ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်းကျင်းပရန်ရှိပါသဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားလိုသူများ တရားဝင်စာရင်းသွင်းမှတ်ပုံတင်ခြင်းကို မေလ၉ရက်နေ့နောက်ဆုံးထား၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားကြရန် စစ်ကောင်စီကထုတ်ပြန်ထားသည်။
လက်ရှိတွင် ပြင်းအားငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု များပြားနေချိန် ပြန်လည်ထူထောင်ရေးအတွက် ပြင်ဆင်ရန် တစ်နိုင်ငံလုံး ယာယီအပစ်အခတ်ရပ်စဲရေးကို မေလကုန်အထိ ရက်တိုးထုတ်ပြန်ထားသော်လည်း စစ်ကောင်စီမှ ကချင်ပြည်နယ်အပါအဝင် အခြားဒေသများသို့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ နေ့စဉ်လုပ်ဆောင်နေသည်။
သို့သော်လည်း စစ်ကောင်စီက ပြည်လူထု ခက်ခဲကျပ်တည်းနေချိန် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလနှင့်ဇန္နဝါရီလ (၂)လတာအတွင်း အပိုင်း(၄)ပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလကတည်းက ထုတ်ပြန်ထားပြီးဖြစ်သည်။
ထို့အပြင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် သန်းခေါင်စာရင်းကောက်ယူမှုကို မြို့ပေါင်း(၃၃၀)အနက် မြို့ပေါင်း (၁၄၅)မြို့ခန့်သာ ကောက်ယူနိုင်ခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့များ နေရာယူထားသည့် လွှတ်လပ်သည့်နေရာဒေသများနှင့် တိုက်ပွဲပြင်းထန်နေသည့် မြို့များတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိ ကြောင်းသိရသည်။
လက်ရှိဖြစ်ပွားနေသည့် အခြေအနေတွင် ရွေးကောက်ပွဲကျင်းပသော်လည်း တရားမျှတမှုရှိမည်မဟုတ်ကြောင်း၊ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲမှာ စစ်မှန်သည့်တရားမျှတမှု ရရှိမည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသုံးသပ်ထားသည်။
ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရန် သန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း ယင်းတို့၏ စစ်ရေးလှုပ်ရှားမှုများသာ ပိုမိုလုပ်ဆောင်ခဲ့ကြောင်းနှင့် စစ်ကောင်စီသတ်မှတ်ထားသည့် အသက်၁၈နှစ်မှ၃၅နှစ်အတွင်း လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေကိုသာအတည်ပြုနိုင်ရန် ပိုမိုကြိုးပမ်းခဲ့သည်ဟုလည်း ပြောဆိုထားသည်။
စစ်ကောင်စီမှကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီဝင်များမှာ မေလ(၉)ရက်နေ့တွင် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပြီး၊ မေလ(၅)ရက်နေ့အထိ မှတ်ပုံတင်လျှောက်ထားသူ နိုင်ငံရေးပါတီပေါင်း (၅၄)ခုအထိ ရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီ၏ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။
သတင်း - ပီလမ့်အူ
Comentários