top of page

(၃)လကျော်ကြာမြင့်လာသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိပြီးKIA ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီ၏တပ်စခန်းအများစုကိုသိမ်းပိုက်ထား

  • Writer: Pajau Media
    Pajau Media
  • Mar 5, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၅ရက်၊မတ်လ၊၂၀၂၅။



ကချင်ပြည်နယ်ရှိ ဗန်းမော်မြို့သိမ်းတိုက်ပွဲ (၃)လတာကာလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များသည် စစ်ကောင်စီတပ်၏ အရေးပါသောတပ်စခန်းကြီးငယ် အများစုကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး (စကခ၂၁)တပ်စခန်း သိမ်းပိုက်နိုင်ရန်လည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။


ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ခုနှစ် မတ်လ ၄ရက်နေ့တွင် (၃)လပြည့်ခဲ့ပြီဖြစ်ပြီး ထို(၃)အတွင်း KIAပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းအများစုကို တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း သိရသည်။


ထိုစစ်ဆင်ရေးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ အရေးပါသော တပ်စခန်းများဖြစ်သည့် ခလရ(၂၃၆) အမတ(၃၆၆)၊ အမှတ်(၇၀၀၆) သံချပ်ကာတပ်ရင်း၊ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်း၊ အမှတ်(၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် တို့သာမက ဗန်းမော်လေယာဉ်ကွင်းနှင့် မြို့တွင်းကာကင်းတပ်စခန်း များစွာကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။


ထို့ကြောင့် စစ်ကောင်စီတပ်သည် ၎င်းတို့၏ လက်လွတ်ဆုံးရှုံးလိုက်ရသည့် တပ်စခန်းများစွာကြောင့် မြို့တွင်းသို့ လေယာဉ်ဗုံး၊ ဒရုန်းနှင့်လက်နတ်ကြီးငယ်များဖြင့် အပြင်းအထန် ပြန်လည်တိုက်ခိုက်သည့်အပြင် ပိတ်ပင်ထားသော Cluster ဗုံးကိုလည်း အသုံးပြုကာ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။


ထို့အပြင် ကချင်ပြည်နယ်ရှိ တိုက်ပွဲမရှိသည့် နေရာဒေသများအထိ လေယာဉ်ဗုံး ၊ ဒရုန်းများ အသုံးပြုကာ မကြာခဏဆိုသလို လာရောက်ပစ်ခတ် တိုက်ခိုက်တတ်ကြောင်းနှင့် ထိုသို့တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်များ ပျက်စီးကာ ထိခိုက်သေဆုံးမှုလည်း များစွာရှိနေကြောင်း သိရသည်။


လက်ရှိအချိန်အထိ စကခ(၂၁)တပ်စခန်းဘက် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး၊ ယမန်နေ့ မတ်လ ၄ရက်နေ့တွင် (၃)လအထိ ကြာမြင့်လာပြီဖြစ်သည်။


သတင်း - ဖရိန်းA


Comments


Pajau Media

Thanks for subscribing!

bottom of page