top of page

၃လ ​ကျော်ကြာ နှစ်ဖက်စစ်ရေးအခြေအနေကြောင့်ပိတ်ထားသော ဖားကန့်-ကားမိုင် လမ်းပြန်ဖွင့်

  • Writer: Pajau Media
    Pajau Media
  • Aug 4, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ ဩဂုတ်၊ ၂၀၂၅


ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသ၏ နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် သုံးလကျော်ခန့် ပိတ်ဆို့ခံထားရသော ဖားကန့်-ကားမိုင်းလမ်း ပြန်လည် အသုံးပြုခွင့်ရပြီဖြစ်ကြောင်း သိရသည်။


ဖားကန့်မြို့အဝင်အထွက် လမ်းကြောများပိတ်ဆို့ခံထားရသောကြောင့် ဖားကန့်ဒေသအတွင်း ကုန်စည်များပြတ်လပ်ကာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ပြီး ဒေသခံပြည်သူများနှင့် ကုန်စိမ်းရောင်းသူများ အခက်အခဲများစွာကြုံတွေ့ခဲ့ရသည်။


နန့်ယားရွာနေ ဒေသခံတစ်ဦးက 'ကားတွေရွာထဲဝင်လာတာနဲ့ ရွာကသူတွေအကုန်လုံး အစုလိုက်အပြုံလိုက် ထွက်ကြည့်ကြတာ၊ ဝမ်းသာတာတော့ ပြောမနေနဲ့တော့ ကျွန်တော်တို့ ဒီတိုင်းထိုင်ကြည့်နေတာတောင် ကုန်ကားနဲ့ ကြက်ခြင်းတွေတင်ထားတဲ့ဆိုင်ကယ်တွေကောပဲ အားလုံးပေါင်းအစီး ၂၀ ကျော်လောက်ရှိတယ်။" ဟုပြောသည်။


ထို့အပြင် ဖားကန့်ဒေသခံ ပြည်သူတစ်ဦးမှလည်းဝမ်းသာစွာဖြင့် 'အာလူးတွေ၊ ကြက်သွန်တွေအပြည့်ပဲတင်ပြီးဝင်လာကြတာ၊ ကြက်တွေ ဝက်တွေတင်ထားတဲ့ကုန်ကားတွေ ကောပဲ၊ ပျော်တာတော့ ပြောမနေနဲ့တော့၊ အခုကုန်ကားတွေလည်း ဝင်ပြီဆိုတော့ ကုန်ဈေးနှုန်းပုံမှန်အတိုင်း ဖြစ်ဖို့ပဲလိုတော့တယ်။" ဟုဆိုသည်။


နှစ်ဖက်စစ်ရေးအခြေအနေကြောင့် သုံးလကြာပိတ်ပင်ခံခဲ့ရသည့် ဖားကန့် -ကားမိုင်းလမ်းကို သြဂုတ်လ ၂ရက်နေ့တွင် နှစ်ဖက်သက်ဆိုင်ရာများမှ ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ သြဂုတ်လ ၃ ရက်နေ့မှာတော့ကုန်ကားများ ဖားကန့်မြို့ထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။


သတင်း- အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page