top of page

(၇၇)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အကြိုဖွင့်ပွဲကို ပြည်နယ်အစိုးရရုံးတွင်ပြုလုပ်ခဲ့ပြီး ဒုတိယဝန်ကြီးချုပ် တင်အောင်စန်းနှင့် နိုင်ငံတော်စီမံချုပ်အုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တက်ရောက်

  • Writer: Pajau Media
    Pajau Media
  • Jan 9, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၉ရက်၊ ဇန္နဝါရီ၊ ၂၀၂၅။




ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇန္နဝါရီလ ၈ရက်နေ့မှစ၍ စစ်ကောင်စီမှ မြို့တွင်းလုံခြုံရေးကို ပိုမိုတင်းကြပ်စွာချထားပြီး၊ ယနေ့တွင် (၇၇)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ ကြိုဆိုသည့် ဖွင့်ပွဲအဖြစ် အခမ်းအနားတွင် မနောင်အကဖြင့်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။


စစ်ကောင်စီက ဇန္နဝါရီလ ၁၀ရက်နေ့တွင် ကျရောက်မည့် ကချင်ပြည်နယ်နေ့အတွက် မြစ်ကြီးနားမြို့ မီးပွိုင့်နှင့် လမ်းဆုံတို့တွင် ရဲနှင့်စစ်သားများဖြင့် လုံခြုံရေးတင်းကြပ်စွာ ချထားကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။


“လုံခြုံရေးက မနေ့ကတည်းက ချထားတာ၊ ကချင်ပြည်နယ်နေ့ပွဲ ကျင်းပဖို့ထင်တယ်၊ ဒီနေ့ဆိုရင် မြို့တော်ခန်းမရှိတဲ့ လမ်းက အတားအဆီးတွေနဲ့ လုံခြုံရေးချထားတယ်” ဟု ပြောသည်။


စစ်ကောင်စီက ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရရုံးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ နှင့် စစ်ကောင်စီအဖွဲ့ဝင်များဖြင့်သာ လုံခြုံရေးတင်းကြပ်စွာ မနောင်အကများ ဆင်နွှဲခဲ့ပြီး၊ အဆိုပါ အခမ်းအနားအဖွင့်တွင် ဒုတိယဝန်ကြီးချုပ် တင်အောင်စန်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူလည်း ပါဝင်ခဲ့ကြောင်း သိရသည်။


ထို့အပြင် စစ်ကောင်စီမှ ဦးစီးကျင်းပမည့် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ကချင်လူမျိုးစုများ စစ်နိုင်ချိန်တွင် အောင်ပွဲခံသည့်အနေဖြင့် ကလေ့ရှိသည့် ပဒန်မနောင်နှင့်အတူ စည်းလုံးခြင်းနှင့် စီးပွားလာဘ်လာပတိုးပွားစေခြင်း အထိမ်းအမှတ် မနောင်အကတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် ဌာနေပြည်သူ့စစ်ခေါင်းဆောင်များ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဥ်ကျေးမှုအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုးနှင့် အရာရှိများ၊ ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များမှလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဒွဲ


Comments


Pajau Media

Thanks for subscribing!

bottom of page